မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် (ဃ) ရပ်ကွက်ရုံးကို ပြည်သူကာကွယ်ရေးအဖွဲ့ ( ပကဖ )က ပစ်ပေါက်တိုက်ခိုက်ခဲ့တဲ့ ဗုံးဟာ စစ်သားတွေ စစ်ဆေးနေချိန်မှပေါက်ကွဲလို့ သုံးဦးထိခိုက်ခဲ့တယ်လို့ Anonymous Force MDY ကပြောပါတယ်။
မန္တလေးမြို့၊၆၂ လမ်း ၁၁၆ လမ်းနဲ့ ၁၁၇ လမ်းကြားက (ဃ) ရပ်ကွက်ရုံးကို မနေ့က ဒီဇင်ဘာ (၂၃) ရက် ည ၈ နာရီကျော်မှာ ဗုံးပစ်တိုက်ခိုက်ခဲ့သော်လည်း ချက်ချင်းမပေါက်ကွဲဘဲ စစ်သားတွေ စစ်ဆေးနေချိန်မှာပေါက်ကွဲခဲ့တာလို့ Anonymous Force MDY တာဝန်ရှိသူတဦးက ဆိုပါတယ်။
“လျက်ဆားပုလင်း (လျက်ဆားပုလင်းနဲ့လုပ်တဲ့ လက်လုပ်ဗုံး) သွားထုခဲ့တာဗျ၊ အသီးက error ဖြစ် ပြီး မကွဲဘူးဗျ၊ အာ့အချိန် စစ်ခွေးတွေ လာစစ်တော့မှ အသီးကထကွဲတာဗျ၊ သုံးယောက်ထိတယ်လို့ကြားရတယ်ဗျ ” လို့ သူကဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို မန္တလေးမြို့ပြပျောက်ကြားအဖွဲ့တွေ ဖြစ်တဲ့ Anonymous Force MDY နဲ့ Brother Revolution Force B.R.F တို့က ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
“အဲဒီရုံးမှာ အရင်တုန်းကတော့ စစ်သားတွေ စောင့်တာရှိတယ်၊ ၆၂ လမ်းကို တခြမ်းပိတ်ပြီးတော့ နေ ကြတာပေါ့၊ အခုတော့ ပြန်ဖွင့်ပေးထားတယ်၊ အဲဒီရုံးက မကြာခဏဆိုသလို ဗုံးပစ်ခံနေရတဲ့ရုံးပါ ” လို့ ဒေသခံတဦးက ပြောပါတယ်။
အဲ့ဒီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ မနေ့ကညက ပေါက်ကွဲမှုဖြစ်ပြီး စစ်သားသုံးဦး ထိခိုက်တယ်ဆို တာနဲ့ပတ်သက်လို့ DNA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်အုပ်စုဘက်ကတော့ အဲ့ဒီရပ်ကွက်ရုံးကို လက်လုပ်မိုင်းနဲ့ တိုက်ခိုက်ခံရတာ မှန်ပေမယ့် ရှင်းလင်းဖျက်ဆီးနိုင်ခဲ့တဲ့အတွက် အထိအခိုက်မရှိဘူးလို့ သတင်းဖြန့်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။