နိုင်ငံခြားလွှဲပို့ငွေပိုရဖို့ ပြည်တွင်းဘဏ်တွေ ဟွန်ဒီနဲ့အပြိုင် မက်လုံးပေးစည်းရုံးလာ

ပြည်တွင်းရှိဘဏ်တချို့က သင်္ဘောသားတွေနဲ့ ပြည်ပရောက်လုပ်သားတွေရဲ့လွှဲပို့ငွေကို ဟွန်ဒီစျေး ထက် ငွေလဲနှုန်းပိုပေးပြီး ဘဏ်ကတဆင့် နိုင်ငံခြား လွှဲပို့ငွေ မြင့်တက်လာဖို့ စည်းရုံးမှုတွေ လုပ်နေ တယ်လို့ လုပ်သားတွေနဲ့ သက်ဆိုင်ရာဘဏ်တွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

​CB ဘဏ်က သင်္ဘောသားလုပ်ခလစာတွေအပြင် ပြည်ပ​ရောက်မြန်မာနိုင်ငံသားတွေ နိုင်ငံခြားဘဏ် အသုံးပြုပြီးလွှဲပို့လာတဲ့ငွေကို တစ်ဒေါ်လာ ၂၈၆၅ ကျပ်နှုန်းနဲ့ ဒီဇင်ဘာ (၂၃) ရက်ကစပြီး ထုတ်ပေးနေတယ်လို့ မ​နေ့က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အဲ့ဒီလွှဲပို့ငွေတွေအတွက်နိုင်ငံတော် (စစ်ကောင်စီ) က အပိုဆောင်းငွေအဖြစ် အမေရိကန် တစ်ဒေါ်လာကို ၃၀ ကျပ်ထပ်ဆောင်းပေးမယ့်အပြင် CB Bank ကလည်း ၁၀ ကျပ် အပိုဆောင်းထပ်ပေးဦးမယ်လို့ ဆိုထားပါသေးတယ်။

အလားတူ UAB ဘဏ်၊ ရိုးမဘဏ်၊ ဧရာဝတီဘဏ်တို့ကလည်း နိုင်ငံခြားငွေကို ဗဟိုဘဏ်ပေါက်စျေးထက် ပိုပေးမယ့်အပြင် ထပ်ဆောင်းငွေပါ ပေးမယ်ဆိုပြီး ဆွဲဆောင်စည်းရုံးမှုတွေ ရှိနေတယ်လို့ ပင်လယ်ကူး သင်္ဘောသားအသိုင်းအဝိုင်းထံက သိရပါတယ်။

“ထူးထူးခြားခြား ဟွန်ဒီနဲ့အပြိုင် ဘဏ်တွေက လုပ်လာကြတာ၊ ဟွန်ဒီပေါက်စျေးထက်ကိုပိုပေးတာတွေရှိတယ်၊ ဒါပေမယ့် ဒီကာလဘဏ်တွေအပေါ် ယုံကြည်မှုက နည်းနေတော့ သိပ်​ပြီးအလုပ်ဖြစ်မယ်မထင်ဘူး” လို့ သင်္ဘောသားတဦးက ပြောပါတယ်။

ပုံမှန်အားဖြင့် ဟွန်ဒီတွေက ပြင်ပနိုင်ငံခြားငွေပေါက်စျေးနီးပါးနဲ့ ငွေလွှဲပို့ပေးနေတာဖြစ်ပြီး ဘဏ် တွေက​တော့ ပြင်ပပေါက်စျေးထက်နိမ့်တဲ့ ဗဟိုဘဏ် ငွေလဲနှုန်းအတိုင်း လက်ခံဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

လက်ရှိမှာ သင်္ဘောသားတွေ အပါအဝင် ပြည်ပရောက်လုပ်သားအများစုဟာ ဟွန်ဒီနဲ့တခြားငွေလွှဲနည်းတွေကတဆင့်ဘဲ မိသားစုဆီ ငွေလွှဲပို့မှုတွေ ဆက်ပြီးကျင့်သုံးနေတယ်လို့ စင်္ကါပူရောက် မြန်မာလုပ်သားတစ်ဦးကဆို ပါတယ်။

“ဟွန်ဒီတွေနဲ့က ပိုပြီးမြန်ဆန်တယ်၊ ထုတ်ရအဆင်ပြေတယ်၊ အဓိကကတော့ စကစဆီ နိုင်ငံခြား ငွေမရောက်စေချင်တာပဲ” လို့ သူကပြောပါတယ်။

စစ်ကောင်စီက နိုင်ငံခြားငွေလိုအပ်တာကြောင့် သင်္ဘောသားနဲ့ ပြည်ပရောက် မြန်မာလုပ်သားတွေကို ဘဏ်ကတဆင့်ငွေလွှဲပို့ဖို့ ဒီနှစ်လယ်ပိုင်းကစပြီး ဖိအားပေးမှုတွေ လုပ်ခဲ့ပေမယ့် သိသိသာသာအ ပြောင်းအလဲ ဖြစ်မလာခဲ့ပါဘူး။

စစ်ကောင်စီက လက်ရှိပြည်ပကိုသွားရောက် အလုပ်လုပ်သူတွေကိုလည်း လစဥ်လစာရဲ့ ရာခိုင်နှုန်း ဘယ်လောက်ကို ဘဏ်ကတဆင့် လွှဲပို့ပါမယ်ဆိုတဲ့ ခံဝန်လက်မှတ်ရေးထိုးမှဘဲ ပြည်ပထွက်ခွာခွင့်ပေးတာမျိုးတွေ လုပ်နေတယ်လို့လည်း အဲဒီလုပ်သား အသိုင်းဝိုင်းဆီက သိရပါတယ်။