စစ်ကိုင်းတိုင်း မြောင်မြို့နယ် ညောင်ကားယားရွာထဲကို ဒီကနေ့ဒီဇင်ဘာ ၂၃ရက်မနက်ပိုင်းက စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ၄ နှစ်အရွယ် ကလေးငယ် တဦးသေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီကနေ့မနက်ပိုင်းမှာ ဧရာဝတီမြစ်အရှေ့ပိုင်း မြင်းခြံမြို့နယ် ကိုင်းကျေးရွာဖက်မှာ မြစ်အနောက်ဖက်ရှိ ညောင်ကားယားကျေးရွာထဲကို ၆၀ မမ ၃ လုံး ၊ အီနာဂါ အတွဲလိုက်တပ်ဆင်ပြီး ဒရုန်းနဲ့ ၂ ကြိမ် ဗုံးကြဲချခဲ့တယ်လို့ မြောင် CDSOM တပ်ဖွဲ့ ခေါင်းဆောင် ကိုနွေဦး ကဆိုပါတယ်။
အဲဒီလက်နက်ကြီး ကျည်ကညောင်ကားယားရွာထဲက နေအိမ်ထဲမှာရှိတဲ့ မြေးအဘွား ၂ ယောက်ရှေ့ ကျရောက်ခဲ့ပြီး ကလေးငယ်ကိုထိမှန်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ လက်နက်ကြီးထိမှန်ခဲ့တဲ့ကလေးငယ်ဟာ ဒဏ်ရာပြင်းထန်ခဲ့ပြီး ဆေးခန်းအပို့တွင် ကလေးငယ်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ကို ဆက်သွယ်တော့ကျဲချခံရပြီးတဲ့အခြေအနေဆိုတော့ ဒဏ်ရာရနေတဲ့သူတွေကို ဆေးကု သပေးနေပါတယ်။ လေးနှစ်အရွယ်ကလေးကတော့ စတွေ့ချိန်တည်းက မျက်ဖြူလန်နေပြီ ဆေးခန်းကိုပို့ တဲ့လမ်းမှာပဲ သေသွားခဲ့ပါတယ်။အဖွားဖြစ်သူကလည်း ကျည်တွေပြန်နှုတ်ပေးရမှာဆိုတော့တော်တော် တော့ကုရမှာပါ တခြားသူတွေကတော့ ဆေးကုသပေးထားပြီး မစိုးရိမ်ရအနေအထားမှာရှိနေပါပြီ”လို့ မြောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။
ဒါအပြင် စစ်တပ်ရဲ့ ကျေးရွာထဲကို ရမ်းကားပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ပြည်သူ ၇ ဦးထိခိုက်ခဲ့ပြီး ဒေသကာကွယ်ရေးအဖွဲ့များက အချိန်မီဆေးဝါးကုသမှုတွေလုပ်ဆောင်နိုင်ဖို့လုပ်ဆောင်ပေးခဲ့ရပါတယ်။
လက်တလောမှာ အဲဒီရွာက ဒေသခံတွေက ရွာထဲဝင်မနေရဲတော့ အနီးနားရွာတွေနဲ့ တောတွေထဲမှာ ရှောင်နေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ရက်နေ့ ကလည်း စစ်တပ်က မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ဖွားစော ရွာထဲအခြေအနေပြန်လာကြည့်တဲ့ ဒေသခံ ၁၁ဦးကိုလည်း စစ်ကောင်စီတပ်တွေက အကြောင်းမဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ၃ဦးသေဆုံးခဲ့ရပါတယ်။