မဆိုင်သူတွေ ကွင်းထဲဝင်ပြီး ကမ္ဘာ့ဖလားကို ထိကိုင်ခဲ့တဲ့ကိစ္စ စုံစမ်းဖို့ ဖီဖာ စီစဉ်

ကမ္ဘာကျော် စားဖိုမှူး တစ်ဦး အပါအဝင် လူတချို့ဟာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲစဉ်အပြီး ဘောလုံးကွင်းထဲ ဝင်ရောက်လာပြီး လွန်ကဲတဲ့ အပြုအမူတွေ လုပ်ဆောင်ခဲ့တဲ့အပေါ် စုံစမ်း စစ်ဆေးသွားမယ်လို့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က ကြေညာခဲ့ပါတယ်။

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ အခြေစိုက် ကမ္ဘာကျော် စားဖိုမှူး Salt Baeဟာ ပြင်သစ်ကို အာဂျင်တီးနားက အနိုင်ယူပြီး ကမ္ဘာ့ဖလား ဆွတ်ခူးခဲ့တဲ့နောက် ကွင်းထဲကို မလိုအပ်ဘဲ ဝင်ရောက်လာသူတွေထဲက တစ်ဦး အပါအဝင် ဖြစ်ပါတယ်။ နာမည်ရင်းက နူစရက် ဂေါ့စီလို့ခေါ်တဲ့ စားဖိုမှူး Salt Baeဟာ ချန်ပီယံ အာဂျင်တီးနား အသင်းနဲ့ ဘယ်လို ဆက်စပ်မှုမှ မရှိပါဘဲနဲ့ ကမ္ဘာ့ဖလားကြီးကို ကိုင်မြှောက်နမ်းရှုပ် နေခဲ့ပါသေးတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဘောလုံးပရိသတ်တွေကြားမှာ ဝေဖန်သံတွေ အတော်လေး ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပါတယ်။ ဖီဖာရဲ့ စည်းမျဉ်းတွေအရ ချန်ပီယံ အသင်းသားတွေနဲ့ ဆက်စပ် မိသားစုဝင်တွေ၊ ဖီဖာရဲ့ အရာရှိတွေနဲ့ နိုင်ငံအကြီးအကဲတွေ အပါအဝင် လူနည်းစုကိုသာ ကမ္ဘာ့ဖလားကို ကိုင်တွယ်ခွင့် ရှိပါတယ်။

Salt Bae လက်ထဲကို ကမ္ဘာ့ဖလားကြီး ဘယ်လိုရောက်သွားလို့ သူက ပိုင်စိုးပိုင်နင်း နမ်းရှုပ်နေသလဲ ဆိုတာကို ထိထိရောက်ရောက် ပြန်လည် စစ်ဆေးသွားမယ်လို့လည်း ဖီဖာက ကြေညာထားပါတယ်။

Salt Baeဟာ ၂၀၁၇ လောက်မှာ စတင် ထင်ရှားလာပြီး တန်ဖိုးကြီး ခမ်းနားတဲ့ အသားကင်ဆိုင် လုပ်ငန်းတွေ တော်တော်များများကို ဖွင့်လှစ်ထားနိုင်ပါတယ်။ အသားတွေ ကင်ပြီးတဲ့အချိန် ဆားဖြူးတဲ့ Salt Baeရဲ့ အမူအယာဟာ အင်တာနက် Memeပုံရိပ် တစ်ခုအဖြစ် လူသိများလာရာက ကိုယ်တိုင်လည်း ပိုပြီး ကျော်ကြားလာခဲ့တာပါ။ သူ့ရဲ့ စားသောက်ဆိုင်တွေမှာ လီယွန်နယ်မက်ဆီ၊ ခရစ္စတီယာနို၊ ဒေးဗစ်ဘက်ဟမ်းတို့ အပါအဝင် ကမ္ဘာကျော် ဘောလုံးသမားတွေနဲ့ ဘောလုံးသမားဟောင်းတွေ သွားရောက် သုံးဆောင်ခဲ့ကြဖူးပါတယ်။