မန္တလေးမှာ နေအိမ်အတွင်း လုယက်သတ်ဖြတ်ခံရလို့ အသက်ခြောက်ဆယ်အရွယ် အမျိုးသမီးသေဆုံး

မန္တလေးမြို့၊ အမရပူရမြို့နယ်က နေအိမ်တအိမ်မှာ ဒီကနေ့ညပိုင်းက လုယက်သတ်ဖြတ်မှုဖြစ်လို့ အသက်ခြောက်ဆယ်အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့ပြီး ရွှေထည်နဲ့ ငွေကြေးတချို့လည်း လုယက်ခံရတယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်း ကော်မတီဆီက သိရပါတယ်။

“အဖွားတယောက်တည်းရှိနေချိန်၊မီးပျက်နေချိန်မှာ(လုယက်သူက၊အိမ်ထဲ) ကွက်တိဝင်သွားတာ”လို့ အဲ့ဒီအဖွဲ့ တာဝန်ရှိသူတဦးက ဖြစ်စဉ်နဲ့ပတ်သက်လို့ ပြောပါတယ်။

အမရပူရမြို့နယ်၊ ဝက်ကုန်းရပ်ကွက်က နေအိမ်တအိမ်မှာ ဒီကနေ့ ဒီဇင်ဘာ (၂၂) ရက် ညရှစ်နာရီဝန်းကျင်က အသက်ခြောက်ဆယ်အရွယ် အမျိုးသမီးတဦးတည်း အိမ်မှာရှိနေချိန် ဝင်ရောက်လုယက်ခံရတာဖြစ်ပြီး သနပ်ခါးတုံးနဲ့ ရိုက်နှက်သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ အဲ့ဒီအဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

သတိလစ်လူနာတဦးကို အရေးပေါ် ဆေးရုံပို့ပေးဖို့ အကြောင်းကြားသွားလို့ သွားရောက်ကူညီခဲ့ပေမယ့် ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ နေအိမ်ကိုရောက်ချိန်မှာ လုယက်ရိုက်နှက်ခံရတဲ့ အမျိုးသမီးဟာ လဲကျသေဆုံးနေပြီဖြစ်တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းကော်မတီတာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ကို အကြောင်းကြားကာ ရုပ်အလောင်းကို ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။