ဒီပဲယင်း အရှေ့ခြမ်းမှာ နေအိမ်နှစ်ထောင်နီးပါး မီးရှို့ခဲ့ပြီး ဆယ်ရက်အကြာ စစ်တပ်က မြို့တောင်ခြမ်းရွာတွေကို စစ်ကြောင်းထိုးနေပြန်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း ကျေးရွာနှစ်ဆယ်ဝန်းကျင်က နေအိမ်နှစ်ထောင်နီးပါးကို စစ်ကြောင်း ထိုးမီးရှို့ခဲ့တာ တလမပြည့်ခင် အခုရက်ပိုင်းအတွင်း စစ်တပ်က ဒီပဲယင်းတောင်ခြမ်းရွာတွေဘက် စစ်ကြောင်းထိုးနေပြန်လို့ လူဦးရေ သုံးထောင်နီးပါး ထွက်ပြေးနေရတယ်လို့ အဲ့ဒီမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့က ပြောပါတယ်။

ဒီပဲယင်းမြို့ပေါ်ကနေ ထွက်လာတဲ့ အင်အားငါးဆယ်ဝန်းကျင်ပါ စစ်ကောင်စီ စစ်ကြောင်းဟာ ဒီဇင်ဘာ ၂၂ ရက် ဒီကနေ့မနက်ပိုင်းမှာ ဒီပဲယင်းမြို့နယ် တောင်ခြမ်းက ခွန်တောင်းနဲ့ နှောပင်ရွာတွေဘက် ဦးတည်စစ်ကြောင်း ထိုးခဲ့သလို အင်အားသုံးဆယ်ဝန်းကျင်ရှိတဲ့ နောက်စစ်ကြောင်းတခုကလည်း အဲ့ဒီဘက်ကိုဦးတည်စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီကနေ့ညနေပိုင်းမှာ နဘဲလှရွာနဲ့ ပျံကျရွာတွေဘက်ကိုလည်း စစ်ကောင်စီစစ်ကြောင်းဝင်ရောက်နေတယ်လို့ ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေး အဖွဲ့က ပြောပါတယ်။ အဲ့ဒီလို စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးတာ ရှိမရှိ မသိရသေးပါဘူး။

“စစ်ဘေးရှောင်တွေက တောထဲမှာတွေ နီးစပ်ရာရွာတွေက ဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတွေမှာ နေနေကြရတာ” လို့ ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကောင်စီက အခုလဆန်းကနေ ဒုတိယပတ်အတွင်း ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းရွာတွေက နေအိမ် ၁၇၀၀ ဝန်းကျင်နဲ့ ရေဦးမြို့နယ် အနောက်ခြမ်းနဲ့ တောင်ခြမ်းရွာတွေထဲ စစ်ကြောင်းထိုးခဲ့ပြီး နေအိမ်နှစ်ထောင်ကျော်ကို မီးရှို့ ဖျက်ဆီးခဲ့တာပါ။

အဲ့ဒီကာလအတွင်း ဒေသခံ တသောင်းကျော် အိုးအိမ်၊ အသုံးအဆောင်နဲ့ စားနပ်ရိက္ခာအများအပြား မီးဘေးသင့် ဆုံးရှုံးခဲ့သလို စုစုပေါင်း လူဦးရေ နှစ်သောင်းလောက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ လက်ရှိမှာလည်း မြို့နယ်တောင်ဘက်ခြမ်းရွာတွေကို စစ်ကြောင်းထိုးနေလို့ ဒီပဲယင်းမြို့နယ်အတွင်း နေအိမ်စွန့်ခွာတိမ်းရှောင်ရသူဦးရေ ပိုမိုမြင့်တက်လာဖို့ ရှိနေပါတယ်။

လတ်တလောမှာတော့ အရင်ထွက်ပြေးတိမ်းရှောင်နေသူတွေအပြင် ဒီပဲယင်းမြို့နယ် တောင်ဘက်ခြမ်းမှာရှိတဲ့ ပုဂံ၊ လက်တီး၊ ယင်းဒွေး၊ နဘဲလှ၊ အေးသာယာ၊ ဝဘာ၊ သပြေသာ၊ မှန်သားကြီး စတဲ့ကျေးရွာတွေက ဒေသ ခံပြည်သူတွေ ထွက်ပြေးနေရပြီး အစားအသောက်နဲ့ အနွေးထည်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။