ရခိုင်မှာ နှုတ်ထွက်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေနေရာ အစားဝင်မယ့်သူမရှိဖြစ်နေ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ နှုတ်ထွက်ထားကြတဲ့ စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူး တွေနေရာမှာ အစားထိုးခန့်အပ်ဖို့ စစ်ကောင်စီက စီစဉ်နေပြီး အဲဒီအတွက် တာဝန်ထမ်းဆောင်မယ့်သူတွေ ရှာမရ ဖြစ်နေတယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။
 
ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေ အားလုံးနီးပါးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်လောက်ကစလို့ စစ်ကောင်စီလက်အောက်ခံမှာ တာဝန်မထမ်းချင်တော့တာ၊ စစ်ကောင်စီနဲ့ ရခိုင့်တပ် တော်(AA) တို့ကြား ကြားညပ်တာတွေကြောင့်လို့ဆိုကာ နုတ်ထွက်ခဲ့ကြပါတယ်၊လစ်လပ်နေတဲ့ အုပ်ချုပ်ရေးမှူးနေရာတွေမှာ စစ်ကောင်စီက အစားထိုးခန့်အပ်ဖို့ စီစဉ်နေတာဖြစ်ပြီး တာဝန် ထမ်းဆောင်လိုသူတွေကို ရှာဖွေနေတယ်လို့ သိရ ပါတယ်။
 
“သူတို့ အစားပြန်ခန့်ဖို့ လုပ်နေတယ်လို့ကြားတယ်၊ ဒါပေမယ့် လုပ်မယ့်သူတွေက မရှိတဲ့ပုံစံပါ၊အဆင်မပြေလို့ ထွက်ထားကြတာလေ၊ လုပ်ချင်တဲ့သူတွေက မရှိဘူးပေ့ါ”လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်တဲ့ ပုဏ္ဏားကျွန်းမြို့ခံတဦးက ပြောပါတယ်။
 
မြို့နယ်အတွင်း ကျေးရွာတွေမှာ AA က ခန့်ထားပေးတဲ့ တာဝန်ခံတွေ ရှိနေတာ၊ စစ်ကောင်စီလက်အောက်ခံ အုပ် ချုပ်ရေးမှူးတွေက ဒေသအတွက် တစ်စုံတစ်ရာ လုပ်မပေးနိုင်တာစတဲ့အချက်တွေကြောင့် စစ်ကောင်စီလက် အောက်မှာတာဝန်ထမ်းမယ့်သူတွေမရှိ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
“ULA/AA ရဲ့ အုပ်ချုပ်ရေးမှူးတွေ ရှိပြီးသားလေ၊ ပြီးတော့ အမှုအခင်းတွေ၊ တိုင်စရာ၊ တောစရာတွေရှိရင်လည်း ဒီဘက်ကလူတွေကိုပဲ တိုင်ကြတာဆိုတော့ မလုပ်ချင်ကြဘူးပေါ့”လို့ ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ပြောပါတယ်။
 
ပုဏ္ဏားကျွန်းမြို့နယ်မှာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးစုစုပေါင်း ၉၅ ဦးရှိပြီး အဲဒီထဲက ၇၀ ကျော် နုတ်ထွက်ခဲ့ကြတာပါ။ ဒါ့အပြင်အခုလထဲမှာလည်း ရသေ့တောင်မြို့နယ်အတွင်းက အုပ်စုအုပ်ချုပ်ရေးမှူး ၁၉ ဦး နုတ်ထွက်ခဲ့ ကြပါတယ်။
 
စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို AA နဲ့ ဆက်စပ်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးကာ တရားစွဲဆိုတာ၊ ခြိမ်းခြောက်တာတွေ လုပ်ခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးတွေက ပြောကြပါတယ်။
 
“မြို့နယ်တိုင်းလိုလိုမှာ အုပ်ချုပ်ရေးမှူးတွေကို တပ်က ခေါ်ပြီးတော့ ခြိမ်းခြောက်တာတွေ ရှိခဲ့တယ်၊ ပြီးတော့ ဖမ်း ပြီး တရားစွဲထားတာတွေလည်း ရှိတော့ စစ်ကောင်စီလက်အောက်မှာ မလုပ်ချင်ကြဘူးလေ”လို့ မင်းပြားမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။
 
လက်ရှိတစ်ကျော့ပြန်တိုက်ပွဲကာလအတွင်း ရခိုင်ပြည်နယ်အတွင်းက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဆယ်ဦးကျော်ကို စစ်ကောင်စီက ဖမ်းဆီး တရားစွဲထားပါတယ်။
 
ပြီးခဲ့တဲ့တိုက်ပွဲကာလတုန်းကလည်း ရခိုင်ပြည်နယ် ကျောက်တော်၊ ရသေ့တောင်၊ မြေပုံ၊ မင်း ပြားစတဲ့ မြို့နယ် တွေ က ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ ထွက်စာတင်၊ နှုတ်ထွက်ခဲ့ကြပါတယ်။
 
ရခိုင်ပြည်နယ်အတွင်း နှစ်နှစ်ကျော်ကြာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေခဲ့တဲ့ AA ဟာ ၂၀၂၀ တိုက်ပွဲတွေ ရပ် နားထားချိန်မှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ အခွန်ကောက်ခံရေးစတဲ့ယန္တရားကို တဖြေးဖြေးတည်ဆောက်နေ လာခဲ့ပြီး လက်ရှိမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေကို ကိုင်တွယ်လုပ်ဆောင်နေတာဖြစ်ပါတယ်။