အီရန် ဒရုန်းတွေမှာ အမေရိကန် နည်းပညာတွေ ပါဝင်နေမှု စုံစမ်းဖို့ အိမ်ဖြူတော် ညွှန်ကြားထား

အီရန်လုပ် ဒရုန်းတွေမှာ အမေရိကန် နည်းပညာ အစိတ်အပိုင်းတွေ တွေ့ရှိခဲ့တဲ့နောက် ဒီကိစ္စကို အမြစ်လှန်ပြီး စုံစမ်း စစ်ဆေးဖို့ အမေရိကန် အစိုးရက စီစဉ်နေပါတယ်။

သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရဟာ အီရန်ရဲ့ ဖောက်ခွဲရေး ဒရုန်းတွေမှာ အမေရိကန် နည်းပညာတွေ ပေါင်းစပ် ပါဝင်နေတဲ့ အကြောင်းရင်းကို မချွင်းမချန် စုံစမ်းမယ့် ပညာရှင် အဖွဲ့တစ်ခု ဖွဲ့စည်းဖို့ ညွှန်ကြားထားကြောင်း သိရပါတယ်။

ရုရှားက ဝယ်ယူပြီး ယူကရိန်းက အရပ်ဖက် ပစ်မှတ်တွေကို ဖျက်ဆီးရာမှာ အသုံးပြုခဲ့တဲ့ အီရန် ဖောက်ခွဲရေး ဒရုန်းတွေမှာ အမေရိကန်လုပ် စစ်လက်နက် နည်းပညာတွေ ပေါင်းစပ် ပါဝင်နေတာကို ဖော်ထုတ် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

နျူကလီးယား နည်းပညာ စမ်းသပ်မှုတွေနဲ့ ပတ်သက်လို့ အီရန်အပေါ် အမေရိကန်နဲ့ ကုလသမဂ္ဂတို့က တင်းကျပ်တဲ့ အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်ထားလျက်နဲ့ အမေရိကန် နည်းပညာတွေ ဘယ်လိုဘယ်ပုံ စီးဝင်နေသလဲ ဆိုတာကို ဘိုင်ဒန်ရဲ့ အစိုးရ အဖွဲ့က သိချင်နေပါတယ်။

ဗြိတိန် အခြေစိုက် စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ခုဖြစ်တဲ့ Conflict Armament Research (CAR)က ယူကရိန်းမှာ ပစ်ချခံရတဲ့ အီရန်ဒရုန်းတစ်ခုရဲ့ ၈၂ ရာခိုင်နှုန်းလောက်ဟာ အမေရိကန် နည်းပညာ ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ အစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်း တည်ဆောက်ထားကြောင်း မကြာသေးခင်က အစီရင်ခံ ဖော်ပြခဲ့ပါတယ်။

CARရဲ့ ခွဲခြမ်းစိတ်ဖြာ လေ့လာမှုအရ အီရန်ဒရုန်းတွေမှာ မတူညီတဲ့ နိုင်ငံ ၁၇ ခုဆီက ကုမ္ပဏီပေါင်း ၇၀ လောက်က ထုတ်လုပ်တဲ့ အစိတ်အပိုင်းတွေကို ရှာတွေ့ခဲ့ပြီး အများစုကတော့ အမေရိကန်ကနေ ရောက်လာတာလို့ သိရပါတယ်။

အဲဒီထဲမှာ ဒဲလက်စ်မြို့ အခြေစိုက် Texas Instrumentsနဲ့ ကနေဒါရဲ့ Bombardier Recreational Productsက ပိုင်ဆိုင်တဲ့ ဩစတြီးယား လုပ်ငန်းခွဲ တစ်ခုက ထုတ်လုပ်တဲ့ အစိတ်အပိုင်းတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

အိမ်ဖြူတော်ရဲ့ အမျိုးသား လုံခြုံရေး ကောင်စီက ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေကို ရှုထောင့်ပေါင်းစုံကနေ မချွင်းမချန် ပြုလုပ်နိုင်မယ့် ပညာရှင် အဖွဲ့မျိုးကို လူစုနေတယ်လို့ အတည်ပြုပါတယ်။

ရုရှားဟာ အီရန်ဆီက စျေးသက်သာပြီး အလုံးအရင်း အသုံးပြုနိုင်တဲ့ ဖောက်ခွဲရေး ဒရုန်းတွေကို ဝယ်ယူပြီး မကြာသေးခင် လပိုင်းတွေအတွင်း ယူကရိန်းက အရပ်ဖက် ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ ဒရုန်းတွေဟာ ယူကရိန်း လေကြောင်း ကာကွယ်ရေး တပ်တွေအတွက် အတော်လေး ဝန်ပိတဲ့ ပြဿနာတစ်ခု ဖြစ်ခဲ့ပေမယ့်လည်း ဆောင်းရာသီ ဝင်ရောက်လာပြီး ရာသီဥတု အေးခဲလာတဲ့ အချိန်ကစလို့ ရုရှားဟာ အဲဒီဒရုန်းတွေ အသုံးပြုမှု ရပ်တန့်သွားကြောင်း သိရပါတယ်။