ကလေးမြို့မှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

ကလေးမြို့တောင်ဘက် ဇင်းကလင်းကျေးရွာနဲ့ ထိုမာကျေးရွာကြားမှာ အင်အားရှစ်ဆယ်ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်း ဒီဇင်ဘာ ၂၁ ရက် ဒီကနေ့ မနက်ပိုင်း ဆယ်နာရီဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ကာကွယ်ရေး အင်အားစုတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

“မိုင်းပေါက်ကွဲသံနဲ့ သေနတ်ပစ်သံတွေ ကြားလိုက်တယ်၊ လူထိမထိတော့ မပြောနိုင်ဘူး၊ သူတို့တွေ လာတာနဲ့ လမ်းပေါ်မှာ အသွားအလာလည်း မရှိဘူး၊ အသံနားထောင်ခန့်မှန်းရတာပဲရှိတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီကြောင်းကို ဇင်းကလင်းရွာနဲ့ ထိုမာရွာကြားမှာ အသင့်တပ်ဆင်ထားတဲ့မိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သားနှစ်ဦး သေဆုံးတယ်လို့ PDF Kalay က ထုတ်ပြန်ပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ထိုမာကျေးရွာကို ဝင်ရောက်ပြီး ရွာခံပြည်သူ ခြောက်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ထိုမှာကျေးရွာက ပြည်သူခြောက်ဦးဟာ ဘယ် သူဘယ်ဝါ ဖြစ်တယ်ဆိုတာ အတည်ပြုနိင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီစစ်ကြောင်း လာချိန်မှာ စစ်ကြောင်းလာတဲ့လမ်းနဲ့ နီးစပ်တဲ့ပြည်သူတွေဟာ ခဏတာတိမ်းရှောင်ခဲ့ကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။