ဘိုကလေးမြို့အနီး သောင်တင်ပြီး ဝမ်းဗိုက်ပေါက်သွားတဲ့ စက်လှေပေါ်မှာ ရိုဟင်ဂျာ တရာကျော် အဖမ်းခံရ

ဧရာဝတီတိုင်း၊ ဘိုကလေးမြစ်ဝ ပင်လယ်ကမ်းစပ်အနီးမှာ သောင်တင်ဝမ်းဗိုက်ပေါက်သွားတဲ့ စက်လှေပေါ်ကနေ ရိုဟင်ဂျာ ၁၁၂ ယောက်ကို စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

စက်လှေပေါ်မှာ ရင်ခွင်ပိုက် ကလေးငယ် ၃ ဦး အပါအဝင် အသက် ၁၈ နှစ် မပြည့်သေးတဲ့ ကလေး ၁၂ ယောက်နဲ့ အမျိုးသမီး ၄၃ ယောက် အမျိုးသား ၅၇ ယောက် စုစုပေါင်း ၁၁၂ ယောက်ကို ဘိုကလေးမြို့နယ် ကဒုံကနိကျေးရွာအုပ်စု၊ ကဒုံလေးကျွန်းနားမှာ ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် စောစောပိုင်းက ဖမ်းမိတာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

“ဒေသခံတွေက သတင်းပို့လို့ စစ်တပ်နဲ့ ရဲတွေက သွားဖမ်းကြတာ။ သူတို့ကို ဘိုကလေးမြို့မရဲစခန်း အချုပ်မှာ ဖမ်းဆီးထားတယ် စက်လှေမောင်းတဲ့ သူကိုတော့ မမိဘူး” လို့ ရဲတပ်ဖွဲ့နီးစပ်သူ တစ်ဦးက DNA ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့ ရိုဟင်ဂျာ ၁၁၂ ယောက်ဟာ ရခိုင်ပြည်နယ်ကနေ မလေးရှား နိုင်ငံကို သွားရောက်ဖို့ နယ်မြေစွန့်ခွာ ထွက်လာရာက ဘိုကလေး မြစ်ဝအနီး ပင်လယ်ကမ်းစပ်မှာ သောင်တင်ပြီး စက်လှေဝမ်းပေါက်သွားရာ ဖမ်းဆီးခံရတာလို့ မြန်မာဧရာဝတီ မူဆလင် လူငယ် ကွန်ရက်က စုံစမ်းသိရှိရပါတယ်။

စစ်ရေး နိုင်ငံရေး လူမျိုးရေး ဘာသာရေး မငြိမ်သက်တဲ့ ရခိုင်ပြည်နယ်အတွင်း နေထိုင်တဲ့ ရိုဟင်ဂျာတွေအနေနဲ့ ရှင်သန်နေထိုင်ရေး အခက်အခဲရှိတာကြောင့် မလေးရှားနိုင်ငံကို သွားရောက်ပြီး အလုပ်လုပ်ဖို့ ထွက်လာကြတာလို့ မြန်မာဧရာဝတီ မူဆလင် လူငယ်ကွန်ရက် အဖွဲ့ဝင်တစ်ဦးက ရှင်းပြပါတယ်။

“သူတို့တွေက မြန်မာနိုင်ငံဖွားတွေပါ၊ ရခိုင်မှာ နေရေးရှင်ရေးစားရေး ခက်ခဲတယ်။ တဘက်နိုင်ငံက ခိုးဝင်လာသူတွေ မဟုတ်ဘူး ဒီနိုင်ငံသားဖြစ်ပါလျှက် နိုင်ငံသား အခွင့်အရေး ဆုံးရှုံးနေသူတွေပါ” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့ ဘိုကလေးမြို့နယ်၊ အမာမြို့နယ်ခွဲ၊ ကတုံးလေး ကျွန်းအနီးမှာ စက်လှေပျက်ပြီး မျောပါလာတဲ့ ရိုဟင်ဂျာ ကလေး၊ အမျိုးသမီး၊ အမျိုးသား ၄၈ ဦးကို စစ်ကောင်စီရဲ့ တပ်ဖွဲ့က ဖမ်းဆီးခဲ့သေးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဘိုကလေးမြို့နယ် တရားရုံးက အဖမ်းခံခဲ့ရတဲ့ ရိုဟင်ဂျာတွေအနက် အသက် ၁၈ နှစ်အထက် ၃၅ ယောက်ကို နိုဝင်ဘာ ၁၅ ရက်က ထောင်ဒဏ် ၅ နှစ်စီ အမိန့်ချခဲ့ပြီး အသက် ၁၈ နှစ် မပြည့်သေးတဲ့ ကလေး ၁၃ ဦးကို ရန်ကုန်တိုင်း တွံ့တေးမြို့က ငှက်အော်စမ်း လူငယ်ထိန်းသိမ်းရေးစခန်းမှာ အသက် ၂၀ ပြည့်ချိန်အထိ ထိန်းသိမ်းထားဖို့ အမိန့်ချခဲ့တယ်လို့ ဆက်သိရပါတယ်။