ဖားကန့်မှာ ကျောက်စိမ်းကုမ္ပဏီပိုင်ရှင် အပါအဝင် လူလေးဆယ်ဝန်းကျင်ကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေ

ကချင်ပြည်နယ်၊ ဖားကန့်၊ လုံးခင်းကျေးရွာအုပ်စု မှော်စီဆာ ကျေးရွာရှိ ခိုင်လုံကုန်း ကျောက်စိမ်း လုပ်ကွက်ကို စစ်တပ်က ဒီဇင်ဘာ (၁၇) ရက်မှာ စီးနင်းကာ ကုမ္ပဏီပိုင်ရှင်အပါအဝင် လူလေးဆယ် ဝန်းကျင် ဖမ်းဆီးစစ်ဆေးနေပြီး ငါးရက်ကြာအထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဒေသခံတွေဆီက သိရ ပါတယ်။

အဲ့ဒီလို ကျောက်စိမ်းလုပ်ကွက်အတွင်း စီးနင်းဖမ်းဆီးမှု လုပ်တာနဲ့ပတ်သက်လို့ အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ဒေသခံ သတင်းရင်းမြစ်တဦးကတော့ လက်နက်ကိုင်ဆောင်မှု ကြောင့်လို့ ဆိုပါတယ်။

“အဖမ်းမခံရမီ ရှေ့တစ်ရက်က အနီးအနားမှာ လုပ်နေကြတဲ့သူတွေနဲ့ ပြဿနာဖြစ်ကြတယ်၊ အဲ့တာနဲ့ သူတို့က သူတို့သိတဲ့လူဆီကနေ သေနတ်ဌားခဲ့ကြတယ်၊ သေနတ်ကိုင်တာကို ဒလန်တွေက သိသွား တော့ စစ်ကောင်စီကို သွားပြောကြတယ်၊ သေနတ်ကိုင်ဆောင်တဲ့ခေါင်းစဉ်နဲ့ အစကတည်းကနေ သူ့ကိုဖမ်းချင်နေတာ အဲ့မှာ ကုမ္ပဏီမှာ သွားဖမ်းတယ်၊ သွားသိမ်းတာပေါ့၊ အခုထိလည်း မထွက်ကြသေးဘူးရှိနေတုန်းပဲ” လို့ သူကပြောပါတယ်။

အဲ့ဒီကျောက်စိမ်းလုပ်ကွက်ကို လုပ်ပိုင်ခွင့်ရထားတဲ့ ကျောက်မျက်ကုမ္ပဏီပိုင်ရှင် ဦးမင်းနိုင်စိုးဟာ အခုနှစ် ဩဂုတ်လအတွင်း စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ မြန်မာသူရကျောက်မျက်ကုမ္ပဏီပိုင်ရှင် ကိုကျော်သူရနဲ့ နီးစပ်သူတွေ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခိုင်လုံကုန်း ကျောက်စိမ်းလုပ်ကွက်အတွင်း စီးနင်းတပ်စွဲထားပြီး ကုမ္ပဏီပိုင်ရှင် ဦးမင်းနိုင်စိုးနဲ့ ဝန်ထမ်းတွေကို အပြင်ထွက်ခွင့်မပေးဘဲ စစ်ဆေးမှုတွေ လုပ်နေတယ်လို့ဆိုပါတယ်။

“အရမ်းကြီးတဲ့လူတွေကိုတော့ သူတို့တပ်မကုန်းကို ခေါ်ပြီးစစ်ဆေးပြီးပြီ၊ အဲ့မှာ ကားမောင်းတဲ့သူ တွေနဲ့ ဝန်တမ်းတွေကိုတော့ ကာဗာလုပ်ကြတာပေါ့၊ သူတို့ မခေါ်ထားရင် ကေအိုင်အေက လာတိုက်မှာ၊ အဲ့တာတွေလည်း ကြောက်ကြတယ်၊ အဲ့ကြောင့် ဝန်ထမ်းတွေကို မထုတ်ပေးဘဲ ကာဗာလုပ်ပြီးနေနေတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်တပ်က အဲ့ဒီကုမ္ပဏီပိုင်ရှင်နဲ့ ဝန်ထမ်းတွေကို စစ်ဆေးမှုတွေ လုပ်နေသလို ကုမ္ပဏီပိုင်ကားတွေကိုလည်း သိမ်းဆည်းယူဆောင်သွားတာတွေ ရှိတယ်လို့ သိရပါတယ်။