အင်းတော် စက်တောကုန်းရွာကအိမ်လေး ဆယ် ကျော်နဲ့ စပါးတိုက်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ စက်တောကုန်းရွာထဲက ဒေသခံနေအိမ် လေးဆယ်ကျော်နဲ့ စပါးတိုက်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Indaw Revolution အဖွဲ့က ဒီကနေ့ ဒီဇင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။
 
စက်တောကုန်းရွာမှာ အိမ်ခြေ တရာဝန်းကျင်နဲ့ လူဦးရေ လေးရာနီးပါးရှိပြီး မနေ့က စစ်ကောင်စီတပ် တွေဝင်​ရောက်မီးရှို့ခဲ့လို့ နေအိမ် လေးဆယ်ကျော်နဲ့ စပါးတိုက်သုံးဆယ် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
 
“ရွာကို သူတို့ညကတည်းကရောက်တာဗျ၊ ညအိပ်ပြီး မနက်ရောက်တော့ မီးစရှို့တော့တာပါပဲ၊ စစ် ရှောင်တွေက စစ်ကြောင်းနဲ့လွတ်ရာရွာတွေမှာ ရှောင်နေကြပါတယ်၊ ထိခိုက်ခဲ့တဲ့ ပြည်သူတွေမ ရှိခဲ့ပါဘူး” လို့ Indaw Revolutionအဖွဲ့ဝင်တဦးက ပြောပါတယ်။
 
လက်ရှိအချိန်မှာ အဲ့ဒီစစ်ကြောင်းက နတ်မဟုတ်ကြီးရွာကို ရောက်ရှိနေပြီး နန့်စီးအောင် ရွာဘက်က ဆင်းလာတဲ့ အင်အား တရာဝန်းကျင်ပါတဲ့ စစ် ကြောင်းနောက်တခုကလည်း ဖားပန်ရွာနဲ့ ပင်ဝယ် ရွာကြားက တောထဲမှာရောက်နေတယ်လို့ သိရပါ တယ်။
 
အင်းတော်မြို့နယ်ထဲမှာပြီးခဲတဲ့ ဒီဇင်ဘာ ၁၆ ရက် ကနေ ၁၈ ရက်အတွင်း ဒေသခံကာကွယ် ရေးတပ် တွေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ သုံးရက် ဆက်တိုက် ဖြစ်ခဲ့တာကြောင့် ဒေသခံပြည်သူ ငါး ထောင်ကျော်စစ်ဘေးရှောင်ခဲ့ကြရပါသေးတယ်။
 
အခုရက်ပိုင်းမှာတော့ အင်းတော်မြို့နယ်ထဲမှာ တိုက်ပွဲတွေမရှိတော့ပေမယ့် စစ်ကောင်စီတပ်တွေက လှည့်လည်စစ်ကြောင်းထိုးမီးရှို့နေတာလို့သိရပါတယ်။
 
စစ်တပ်ပြန်ထွက်သွားတဲ့ကျေးရွာတွေက ဒေသခံတွေက ရွာကိုပြန်ဝင်နေကြပေမယ့် လက်ရှိအထိ ဒေသခံ ပြည်သူ နှစ်ထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသေးတယ်လို့ သိရပါတယ်။