တောင်သာမြို့မှာ ရွှေပန်းတိမ်ဆိုင်တခု ဓားပြတိုက်ခံရ ပြီးရွှေတပိဿာကျော်ပါသွား

မန္တလေးတိုင်း တောင်သာမြို့နယ်က ရွှေပန်းတိမ်ဆိုင် တခုမှာ ဓားပြတိုက်ခံရမှုဖြစ်ပေါ်ခဲ့ပြီး ရွှေတစ်ပိဿာကျော်ပါသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
မနေ့က ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေ့ ၃ နာရီလောက်မှာ အမှတ် (၄ )ရပ်ကွက် ၊အရှေ့စျေးတောက်ဘက်မှာ ဖွင့်လှစ်ထားတဲ့ ဦးဆင့် ရွှေပန်းတိမ်ဆိုင်ကို ဓားပြတိုက်ခံခဲ့ရတာဖြစ်တယ်လို့ဆိုကြပါတယ်။
ဆိုင်ကယ်နှစ်စီးနဲ့လူလေးဦးက မျက်နှာကိုဖုံးပြီး ပစ္စတိုသေနတ်တွေကိုင်ဆောင်က ဆိုင်အတွင်းဝင်ရောက်လာပြီး ဆိုင်ဝန်ထမ်းတွေကို သေနတ်နဲ့ ချိန်ရွယ် ဝမ်းလျားမှောက်ခိုင်းပြီး မှန်ကောင်တာရိုက်ခွဲကာ ရွှေထည်ပစ္စည်း တပိဿာကျော်ကို ဓားပြတိုက်ယူခဲ့တာလို့သိရပါတယ်။
” အဲဒီဆိုင်နားက လူပြတ်တဲ့နေရာမျိုးတော့ မဟုတ်ဘူးဗျ။ သေနတ်နဲ့ ပစ်ခတ်တာတွေလည်းရှိတယ်လိုပြောတယ်’’ လို့ ဒေသခံတဦးကလည်းဆိုပါတယ်။
အဲဒီလိုရွှေဆိုင်မှာ လုယက် ဓါးပြတိုက်မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အရှေ့စျေး တောက်ဘက်လမ်းမှာ စစ်အုပ်စုက လမ်းပိတ်ဆို့ စစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ လူထုလှုပ်ရှားမှု့ကော်မတီ တောင်သာက ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာလ ၁၉ ရက်နေ့ညပိုင်းက မြင်းခြံ ပျူခေါင်းဆောင်ပါဝင်တဲ့ အင်အား၂၀ လောက် တောင်သာမြို့ပေါ်သို့ရောက်ရှိနေချိန် ဓါးပြမှုဖြစ်တာလို့လည်း မြို့ခံတွေကဆိုကြပါတယ်။
မနေ့က တရက်တည်းမှာ မန္တလေးမြို့ စက်မှု့မြို့သစ်မှာလည်း ဓားပြမှုဖြစ်ပွားခဲ့သလို ဖားကန့်နဲ့ မုံရွာမြို့မှာလည်း ဓားပြတိုက်မှုတွေဆက်တိုက်ဖြစ်ခဲ့ပါတယ်။