ကန့်ဘလူမြို့နယ်၊ ဇီးပင်သာရွာကို စစ်တပ်နဲ့ ပျူစောထီးက စီးနင်းစဉ် ခြောက်တန်းကျောင်းသားကို ပစ်ခတ် သတ်ဖြတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ထန်းကုန်းတိုက်နယ်မှာရှိတဲ့ ဇီးပင်သာရွာကို စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်း အ ဖွဲ့က ညအချိန်ဝင်ရောက်စီးနင်းရာမှာ အသက်(၁၃)နှစ်အရွယ် ခြောက်တန်းကျောင်းသားတဦးကိုပစ် ခတ်သတ် ဖြတ်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့ဆီကသိရပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ထန်းကုန်းနဲ့လယ်လှရွာက ပျူစောထီးတွေပါဝင်တဲ့ အဖွဲ့ဟာ အခုလ (၁၉)ရက် ညရှစ် နာရီဝန်းကျင်မှာ ဇီးပင်သာရွာထဲ လက်နက်ကြီး၊လက်နက်ငယ်တွေပစ်ခတ်ဝင်ရောက်စီးနင်းခဲ့ပြီး ရွာခံတွေတိမ်း ရှောင်ပုန်းအောင်ကြချိန်မှာ (၁၃)နှစ်အရွယ် မောင်သုတဇော် ပစ်ခတ်သတ်ဖြတ်ခံရတာဖြစ်တယ်လို့ဆိုပါတယ်။
 
“ညဝင်လာတာမို့ တရွာလုံးရှောင်လို့မရပါဘူးဗျ၊ အကုန်လုံးပုန်းနေကြရတာပါ၊ အိမ်သာနား မိသားစုလိုက် ပုန်း နေတုန်း ပစ်သတ်ခံလိုက်ရတာလို့ပြောပါတယ်” လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
သေနတ်နဲ့ ပစ်ခတ်ခံလိုက်ရတဲ့ မောင်သုတဇော်ကို ဆေးကုသမှုမပေးနိုင်ခင် သေနတ်ပစ်ခံရတဲ့နေရာမှာပဲ သေဆုံး ခဲ့ပြီး ပစ်ခတ်သွားတဲ့ စစ်တပ်နဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေကတော့ ဇီးပင်သာရွာထဲက ပြည်သူပိုင်နေအိမ်သုံးလုံးကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် နှစ်နှစ်နီးပပါးကာလအတွင်း ကန့်ဘလူခရိုင်ထဲက ကျွန်းလှနဲ့ ကန့်ဘလူမြို့နယ်တွေမှာ ပြည်သူ ရှစ်ဆယ်ကျော် သတ်ဖြတ်ခံခဲ့ရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှား အဖွဲ့ရဲ့ အချက်အလက်တွေအရသိရ ပါတယ်။
 
သေဆုံးသူတွေထဲမှာ မိဿလင်ကုန်းရွာက အသက် ငါးနှစ်အရွယ် မောင်အောင်မြင့်မြတ်၊ ဇီးကနားရွာက အသက် ၁၃ နှစ်အရွယ် မောင်ပိုင်ဆက်ထူးနဲ့ လျှော်ဖြူကုန်းရွာက အသက် ၁၇ နှစ်အရွယ် မောင်ဝင်းဝင်းသူတို့လို့ အသက်မ ပြည့်သေးတဲ့ကလေးတွေလည်းပါဝင်တယ်လို့ အဲ့ဒီအဖွဲ့ကထုတ်ပြန်ထားပါတယ်။
 
ကလေးငယ်တွေအပါအဝင် ဒေသခံ အရပ်သား (၈၁)ဦး သေဆုံးရမှုဟာ လက်နက်ကြီးကျည် ထိတာ၊အရှင် လတ် လတ်မီးရှို့သတ်ဖြတ်ခံရတာ၊စစ်တပ်နဲ့ ပျူစောထီးတွေက ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်တာတွေကြောင့် သေ ဆုံးရတာတွေလည်း ပါဝင်တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့က ပြောပါတယ်။
 
စစ်ကိုင်းတိုင်းအတွင်း ဒေသအများစုမှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေး အင်အားစုတွေ အားကောင်းသလို စစ်အုပ်စုထောက်ခံတဲ့ ပျူစောထီး အင်အားကောင်းရာရွာတွေလည်းရှိပြီး အဲ့ဒီပျူစောထီးရွာ တွေမှာ စစ်တပ်က စခန်းချတာ၊စစ်သင်တန်းပေးပြီး အင်အားဖြည့်တာမျိုးတွေလုပ်လေ့ရှိပါတယ်။
 
ကန့်ဘလူမြို့နယ် ထန်းကုန်းရွာဟာလည်း စစ်တပ်တပ်စွဲစခန်းချလေ့ရှိတဲ့ ပျူစောထီးရွာတရွာဖြစ်ပြီး ဒီဇင်ဘာ (၁၉)ရက်က ဝင်စီးခံရတဲ့ ဇီးပင်သာရွာဟာ ထန်းကုန်းရွာရဲ့ အရှေ့ဘက် တမိုင်လောက် အကွာက ရွာဖြစ်တယ်လို့ သိရပါတယ်။