အမေရိကန်ကို ယူကရိန်း သမ္မတ သွားရောက်မယ်လို့ သတင်းတွေ ထွက်ပေါ်လာ

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ အမေရိကန် ပြည်ထောင်စုကို အခုသီတင်းပတ်အတွင်း သွားရောက်မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဝါရှင်တန်ဒီစီ မြို့တော်ကို ဦးတည်တဲ့ ဇီလန်စကီးရဲ့ ခရီးစဉ်ဟာ အစောဆုံး အနေနဲ့ ဒီဇင်ဘာ ၂၁ ရက်မှာပဲ အကောင်အထည် ပေါ်လာနိုင်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ ဇီလန်စကီးဟာ အမေရိကန်ကို ရောက်ရှိရင် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တွေ့ဆုံပြီး လွှတ်တော်မှာလည်း မိန့်ခွန်းပြောဖွယ် ရှိနေပါတယ်။ ဒါဟာ သူ့အတွက်တော့ ရုရှားရဲ့ ကျူးကျော်စစ်ပွဲ စတင်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နောက်ပိုင်း ပထမဆုံး ပြည်ပ ခရီးစဉ်လည်း ဖြစ်လာမှာပါ။

တစ်ဖက်မှာလည်း လက်ရှိအချိန် ပြည်ပခရီးထွက်ခြင်းဟာ ဇီလန်စကီးရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာ အခြေအနေတွေ ရှိနိုင်ကြောင်း ဝေဖန် ထောက်ပြမှုတွေလည်း ရှိနေပါတယ်။ အမေရိကန်ဖက်ကတော့ ဇီလန်စကီးကို ကြိုဆိုဖို့ ပြင်ဆင်နေပြီး အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလော့စီက ဒီဇင်ဘာ ၂၂ ရက် ညပိုင်း၊ လွှတ်တော် ညီလာခံကို မပျက်မကွက် တက်ရောက်ကြဖို့ လုပ်ဖော်ကိုင်ဖက်တွေကို တိုက်တွန်းထားပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ် ကာလတလျှောက်မှာ အမေရိကန်ဟာ ယူကရိန်းအတွက် အရေးအကြီးဆုံး ထောက်ပံ့ရေး မဟာမိတ်အဖြစ် ရပ်တည်ခဲ့ပါတယ်။ လက်ရှိ အချိန်ထိ အမေရိကန် အစိုးရဟာ ယူကရိန်းအတွက် စစ်ရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ဒေါ်လာ ၁၈.၅ ဘီလီယံဖိုးအထိ ပေးပို့ပြီးပါပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမေရိကန် မီဒီယာတွေက သမ္မတ ဘိုင်ဒန်ရဲ့ အစိုးရဟာ ယူကရိန်းကို ကူညီဖို့ နာမည်ကျော် Patriot လေကြောင်း ကာကွယ်ရေးစနစ် တစ်ခုပါ ပေးပို့ဖို့ စီစဉ်နေကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားကြပါသေးတယ်။

ဇီလန်စကီးဟာ စစ်ပွဲကာလမှာ နိုင်ငံခြား ခေါင်းဆောင်တွေကို ကိယက်ဗ်မြို့တော်မှာ ဧည့်ခံ တွေ့ဆုံလေ့ ရှိပေမယ့် ကိုယ်တိုင် ပြည်ပကို ခရီးထွက်ခွာတာမျိုးတော့ မရှိခဲ့ဖူးသေးပါဘူး။ ဇီလန်စကီးဟာ ဒီဇင်ဘာ ၂၀ တုန်းကလည်း ရုရှားနဲ့ ယူကရိန်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေရာ ရှေ့တန်း စစ်မြေပြင် ဘက်ခ်မွတ်မြို့ကို ကြိုတင် မကြေညာဘဲ သွားရောက်ခဲ့ပြီး စစ်သည်တွေကို တွေ့ဆုံ အားပေးရင်း ဆုတံဆိပ်တွေပါ ချီးမြှင့်ခဲ့ပါတယ်။

အမေရိကန်ကို ဇီလန်စကီး သွားရောက်မယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ ယူကရိန်း သမ္မတရုံးက လက်ရှိ အချိန်ထိ ဘာမှတ်ချက်မှ မပေးသေးဘူးလို့လည်း သိရပါတယ်။