ဖားကန့်မှာ စစ်တပ်ကသိမ်းယူထားတဲ့ လိုင်စင်မဲ့ ကားတွေကို ဖျက်ဆီးနေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသိမ်းယူထားတဲ့ လိုင်စင်မဲ့ ကားတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတယ်လို့ ဖားကန့်ဒေသခံတွေဆီက သိရပါတယ်။

“စစ်သားတွေ ပြောတာတော့ လုံးဝပြန်မပေးတော့တဲ့ အခြေအနေထဲမှာ ရောက်သွားပြီးပေါ့နော်၊ ဒီကားတွေကို အထက်ကိုပို့ပြီးပြီးပေါ့နော် ကားနံပါတ်နဲ့စာရင်းတွေပို့ထားပြီး လုံးဝပြန်မရနိုင်တော့ဘူးတဲ့၊ သူတို့က တကယ်တမ်း လူကိုပါဖမ်းခိုင်းတယ်တဲ့၊ ကျွန်တော်တို့က ပိုင်ရှင်မဲ့ဆိုလား အဲ့လိုစာရင်းတင်ပြလိုက်တာ “လို့ အဖမ်းခံထားရတဲ့ ကားပိုင်ရှင်တစ်ဦးက DNA ကို ပြောပါတယ်။

ခေတ်အဆက်ဆက် လိုင်စင်မဲ့ကား အသုံးပြုမှုများပြားတဲ့ ဖားကန့်ဒေသမှာ လက်ရှိလိုင်စင်မဲ့ကားဖမ်းဆီးမှုတွေကို ယာဉ်ထိန်းတပ်ဖွဲ့ဝင်တွေက လုပ်ဆောင်ခြင်းမရှိဘဲ စစ်သားတွေက ဖမ်းဆီးသိမ်းယူနေတာဖြစ်ပြီး စစ်တပ်အရာရှိတွေနဲ့ ပတ်သက်မှုရှိသူတွေနဲ့ ဝန်ထမ်းတွေသာ ငွေပေးပြီး ကားပြန်ထုတ်လို့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“တပ်မမှူးကိုယ်တိုင် အမိန့်ရမှ ထုတ်ပေးတာပေါ့၊ ဒီကားတွေကို သူတို့နဲ့ နည်းနည်းအချိတ်အဆက်ရှိတဲ့သူတွေ သိတဲ့သူတွေကို အဲ့လို ထုတ်ပေးတယ်” လို့ လိုင်စင်မဲ့ကား သိမ်းဆည်းခံရတဲ့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သိမ်းယူထားတဲ့ လိုင်စင်မဲ့ကား အစီး (၂၀) ကျော်ကို ဒီဇင်ဘာ ၁၉ ရက်က ဖားကန့်မှာ ဘတ်ဟိုးစက်နဲ့ ဖျက်ဆီးခဲ့သလို ကာမိုင်းမြို့မှာလည်း အလားတူ သိမ်းယူထားတဲ့ ကားနှစ်စီးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လာမယ့်နှစ် ဇန်နဝါရီလအထိ လိုင်စင်မဲ့ကားတွေကို စီမံချက်နဲ့ ဖမ်းဆီးသိမ်းယူကာ ဖျက်ဆီးတာတွေ လုပ်မှာဖြစ်တယ်လို့ ဖားကန့်ဒေသခံတွေကြား သတင်းတွေပျံ့နေတယ်လို့လည်း သိရပါတယ်။

အဲ့ဒီလို လိုင်စင်မဲ့ကား ဖမ်းဆီးသိမ်းယူတာတွေရှိလာတဲ့အတွက် ဒေသခံတွေအနေနဲ့ သွားလာရေးခက်ခဲလာပြီး အခက်အခဲ ကြုံတွေနေကြရတယ်လို့ ဆိုပါတယ်။

“မှော်နယ်မြေဆိုတော့ အမှန်တော့ သူတို့ နည်းနည်းပါးပါး ညှိနှိုင်းပြီး ငွေလိုတယ်ဆိုလည်း ငွေကြေးနဲ့ညှိပြီး ထုတ်ပေးသင့်တယ်၊ ချွေးနှဲစာနဲ့ ဝယ်ထားတယ်ဆိုတော့ ဦးလေးတစ်ယောက်ဆိုရင် သူ့ချွေးနဲစာနဲ့ ဝယ်ထားလို့တဲ့ သူ့ကားသေးသေးလေးပဲ အဖမ်းခံရတယ်၊ မအိပ်နိုင်မစားနိုင်ဖြစ်နေတယ်” လို့ဖားကန့်ဒေသခံတဦးက ဆိုပါတယ်။