သာယာဝတီမှာ စစ်ကောင်စီလှည့်ကင်း မိုင်းဆွဲတိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ အနောက်ပိုင်း သာယာဝတီမြို့နယ်အတွင်းမှာ လှည့်ကင်းထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒီဇင်ဘာ(၁၉)ရက် မနေ့ကည(၉)နာရီဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိနိုင်တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။
 
“စစ်ဆေးရေးဂိတ်ကနေ ထွက်လာတဲ့အချိန်ဆိုင်ကယ်တွေနဲ့ လှည့်ကင်းထွက်လာတာ ရန်ကုန်-ပြည်ကား လမ်းမ ပေါ်တနေရာအရောက်မှာ လက်လုပ်မိုင်းနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ”လို့ သူကပြောပါတယ်။
 
သာယာဝတီဒေသခံတဦးကလည်း မနေ့ကညပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံရတာကို အ တည်ပြုပြီး ပေါက်ကွဲမှုဖြစ်တဲ့နေရာကို လူနာတင်ယာဉ်နှစ်စီး ရောက်လာတာတွေ့ရတယ်လို့ ပြောပါတယ်။
 
“နှစ်ဦးသေပြီး၊ လေးဦးဒဏ်ရာကြီးကြီးမားမားရသွားတယ်လို့ ပြောနေကြတာပဲ၊ ညကကိုးနာရီလောက်က အသံကြားပြီး ဆယ်နာရီလောက်မှာမြို့ကိုပိတ်ပြီး အစစ်အဆေးတွေလုပ်နေကြတယ်၊အစစ်အဆေးက ခုမနက်ထိပဲ၊ တမြို့နယ်လုံး လုံခြုံရေးတင်းကြပ်ထားတယ်၊အခုမနက်လည်း မပေါက်ကွဲသေးတဲ့ဗုံးတစ်လုံးတွေ့တယ်”လို့ သူက ပြောပါတယ်။
 
မနေ့ကညပိုင်းမှာ စစ်ကောင်စီလှည့်ကင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ သာယာဝတီဂဠုန်တပ်ဖွဲ့က ဒီကနေ့မ နက်ပိုင်း မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စုဝေးနေတဲ့ လွတ်လပ်ရေးကျောက်တိုင်အနီးမှာ အဝေးထန်းဗုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ဖို့စီစဉ်ထားပေမယ့် ပြည်သူတွေထိခိုက်နိုင်တဲ့အတွက် ဖျက်သိမ်းခဲ့တယ်လို့ ဆိုပါတယ်။