YFAအထည်ချုပ်စက်ရုံက အလုပ်ထုတ်ခံရ တဲ့လုပ်သားတွေရဲ့ကျွမ်းကျင်ကြေးပြန်ထုတ်ပေးမယ်

ရွှေပြည်သာမြို့နယ်၊ YFAအထည်ချုပ်စက်ရုံက အလုပ်ထုတ်ခံရတဲ့အလုပ်သမားတွေရဲ့ ကျွမ်းကျင်ကြေးကို စက်ရုံဘက်ကပြန်ထုတ်ပေးမယ်လို့ အကြောင်းကြားထားကြောင်း အဲဒီစက်ရုံအလုပ်သမားအရေးကူညီပေးနေတဲ့သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ဆီကသိရပါတယ်။
YRAစက်ရုံက အလုပ်သမားအားလုံးကို နိုဝင်ဘာ လကုန်ပိုင်းမှာအလုပ်ကနေတပြိုင်တည်းရပ်စဲလိုက်ပြီး အဲဒီလအတွက်ထုတ်ပေးတဲ့လစာမှာ ကျွမ်းကျင် ကြေးတွေဖြတ်တောက်ခံထားရတာလို့သိရတယ်။
 
အဲဒီဖြတ်တောက်ထားတဲ့ကျွမ်းကျင်ကြေးတွေကို ပြန်ပေးဖို့ အလုပ်သမား ၁၃၃ဦးက လက်မှတ်ထိုး တောင်းဆိုထားတာကိုအလုပ်ရှင်ကပေးဖို့သဘော တူလိုက်တာလို့STUMတာဝန်ရှိသူတစ်ဦးကဆိုပါတယ်။
 
“တစ်ယောက်နဲ့တစ်ယောက်ရမယ့်နှုန်းတော့မတူဘူး၊အနည်းဆုံး တစ်သောင်းကနေ သုံးသောင်းခွဲ အထိ ရှိတယ်၊အဲဒါပြန်ထုတ်ဖို့အလုပ်သမားတွေကိုအကြောင်းကြားထားတယ်”လို့သူကပြောပါတယ်။
 
အဲဒီကျွမ်းကျင်ကြေးတွေကို ဒီဇင်ဘာ ၂၃မှာမနက် ၁၀ နာရီကနေ ၃နာရီအထိ၊ ဒီဇင်ဘာ ၂၆နဲ့၂၇မှာ မ နက်၁၀ နာရီကနေ နေ့လယ် ၁နာရီအထိ ရွှေပြည်သာအလုပ်သမားရုံးမှာထုတ်ပေးသွားမှာလို့သိရပါတယ်။
 
အဲဒီလို အလုပ်သမားတွေကို ကျွမ်းကျင်ကြေးပြန်ထုတ်ပေးပေမယ့် အလုပ်ကထုတ်လိုက်လို့ ရပိုင်ခွင့် ဖြစ်တဲ့နို့တစ်ကြေးပေးဖို့နဲ့ နို့တစ်ကြေး မပေးရင်အလုပ်ပြန်ခန့်ဖို့ဆိုတဲ့ တောင်းဆိုမှု နဲ့ ပတ်သက်လို့ ညှိနိူင်းဖြေရှင်းမှုကမပြီးပြတ်သေးဘူးလို့လည်း သိရပါတယ်။
 
အဲဒီတောင်းဆိုချက်နဲ့ပတ်သက်လို့ မြို့နယ်အဆင့်ညှိနှိုင်းဖျန်​ဖြေရေးမှာ သုံးကြိမ်ညှိပြီး အဆင်မပြေတာကြောင့် ခုံသမာဓိအဖွဲ့ရဲ့အဆုံးဖြတ်ကိုဆက်ပြီးစောင့်ကြည့်ရမယ်လို့ အထက်ပါ STUM တာဝန်ရှိသူကပြောပါတယ်။
 
“မနက်ဖြန်မှာခုံသမာဓိအဖွဲ့ကစပြီးစစ်ဆေးဖို့ရှိတယ်၊အဆုံးအဖြတ်ထွက်ဖို့တော့ အနည်းဆုံးတစ်ပတ် လောက်ကြာဦးမယ်”လို့ သူကပြောပါတယ်။
 
ခုံသမာဓိအဖွဲ့ရဲ့အဆုံးအဖြတ်ကိုမကျေနပ်ရင်တော့ စက်ရုံအလုပ်သမားတွေအနေနဲ့ သပိတ်မှောက် တောင်းဆိုမှုတွေလုပ်သွားဖို့ရှိတယ်လို့လည်း သူကဆိုပါတယ်။