မြောင်မြို့နယ်မှာ ကာကွယ်ရေးရဲဘော်တဦး စစ်ကောင်စီစစ်သားတွေကို နောက်ဆုံးအချိန်ထိခုခံရင်း ကျဆုံး

မြောင်မြို့နယ်၊ ဆယ်ရွာကျေးရွာအတွင်းမှာ ဒေါင်းစစ်သည်အဖွဲ့က ရဲဘော်ကိုမြတ်သူအောင်ဟာ ဒီကနေ့ ဒီဇင်ဘာ ၂၀ မနက်ပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ပစ်ခတ်မှုကြောင့် ကျဆုံးသွားတယ်လို့ သက်ဆိုင်ရာအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ သူကပဲခင်းရိတ်ဖို့အတွက် တောထဲကနေရွာကို အလုပ်သမားတွေ သွားကြိုတာ။ အဲ့လိုသွားကြိုတာမှာ ကျောက်စရစ်စခန်းကနေ ရွာကိုတိတ်တိတ်လေး ရောက်နေတဲ့ စစ်သားတွေက သူ့ကိုမြင်တော့ပစ်ပြီးဖမ်းတာ။ ခြေတွေလက်တွေမှန်တယ်။ သူ့ဖုန်းကို ယူစစ်နေတုန်း သူကပြန်လည်ခုခံတာမှာ ဝိုင်းပစ်လိုက်ကြတာ ” လို့ မြောင်ကာကွယ်ရေးတပ်က တာဝန်ရှိသူ ကိုနွေဦး (မြောင်) ကပြောပါတယ်။

ကျောက်စရစ်စခန်းက စစ်ကောင်စီတပ်သားတွေဟာ ဒီကနေ့မနက်ခြောက်နာရီဝန်းကျင်မှာ ဆယ်ရွာကျေးရွာကို တိတ်တဆိတ် ဝင်ရောက်ခဲ့တာဖြစ်ပြီး ကျေးရွာကလူတွေဟာ ပဲသိမ်းချိန်လုပ်ငန်းခွင်အတွင်း စက်သံတွေနဲ့ ဆူညံနေတာကြောင့် စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာတာကို သတိမူမိဖြစ်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်သားတွေက အသက် ၂၅ နှစ်အရွယ် ရဲဘော်မြတ်သူအောင်ရဲ့ ရုပ်အလောင်းကို ဆိုင်ကယ်နဲ့တွဲပြီး ဘုန်းကြီးကျောင်းနဲ့ သူ့အိမ်ကြားလမ်းပေါ်မှာ မီးရှို့ထားခဲ့တယ်လို့ ကိုနွေဦး (မြောင်) ကပြောပါတယ်။

ဒေါင်းစစ်သည်အဖွဲ့ဟာ ဒေသတွင်းတိုက်ပွဲတွေမှာ စစ်ကောင်စီကို ရင်ဆိုင်တိုက်ခိုက်နေတဲ့ အဖွဲ့တခုဖြစ်ပြီး ရဲဘော်ကိုမြတ်သူအောင်ဟာ ဒေါင်းစစ်သည်အဖွဲ့ရဲ့ အားထားရတဲ့ ရဲဘော်တဦး ဖြစ်တယ်လို့ မြောင်ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။