ဂျပန်ရဲ့ စစ်ရေးစွမ်းရည် မြှင့်တင်မယ့် အစီအစဉ်ကို မြောက်ကိုရီးယား ရှုတ်ချ

စစ်ရေးစွမ်းရည် မြှင့်တင်ဖို့ ကာကွယ်ရေးစရိတ် အလုံးအရင်း အသုံးပြုမယ့် ဂျပန်ရဲ့ ဆုံးဖြတ်ချက်အပေါ် မြောက်ကိုရီးယားက ရှုတ်ချလိုက်ပါတယ်။

ဂျပန် အစိုးရက မြောက်ကိုရီးယားနဲ့ တရုတ်တို့ရဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့အတွက် လာမယ့် ၅ နှစ်တာအတွင်း ဒေါ်လာ ၃၂၀ ဘီလီယံဖိုး စစ်လက်နက်နဲ့ စစ်ဘက် နည်းပညာတွေ ဝယ်ယူ မြှင့်တင်သွားမယ်လို့ ကြေညာထားပါတယ်။ ဒါဟာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း စစ်မက် မလိုလားတဲ့ ပစိဖစ် ဝါဒကို အစဉ်တစိုက် ဆွဲကိုင်ခဲ့တဲ့ ဂျပန်အတွက် မူဝါဒရေးရာ ကြီးမားတဲ့ အလှည့်အပြောင်းလည်း ဖြစ်လာပါတယ်။

ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး စစ်သုံးစရိတ် မြှင့်တင်မယ့် စီမံကိန်းကို ဂျပန်က အတည်ပြု ကြေညာခဲ့ပြီး ရက်ပိုင်း အကြာမှာတော့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိက ဂျပန်ရဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းပြီး အန္တရာယ် ကြီးလွန်းတယ်လို့ ရှုတ်ချသွားပါတယ်။

ဂျပန်ဟာ ကိုရီးယား ကျွန်းဆွယ်မှာ အရမ်း အရေးကြီးတဲ့ လုံခြုံရေး မူဝါဒ အကျပ်အတည်းတွေကို ယူဆောင်လာတာ ဖြစ်ကြောင်း၊ ဂျပန်ရဲ့ လုံခြုံရေး မူဝါဒသစ်ဟာ အရှေ့အာရှ ရပ်ဝန်းကြီး တစ်ခုလုံးအပေါ် ဆိုးကျိုး သက်ရောက်မှုတွေ ရှိနိုင်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို အစိုးရပိုင် KCNA သတင်းဌာနက ထပ်ဆင့်ကိုးကား ဖော်ပြသွားပါတယ်။

ဂျပန်ရဲ့ မူဝါဒကြောင့် ဒေသကြီး တစ်ခုလုံးရဲ့ လုံခြုံရေးကဏ္ဍဟာ အခြေခံကျကျ ပြောင်းလဲသွားလိမ့်မယ်လို့လည်း မြောက်ကိုရီးယားက ခြိမ်းခြောက် သတိပေးခဲ့ပါတယ်။ နောက်ပြီး ဂျပန်ရဲ့ လုပ်ရပ်ဟာ ကုလသမဂ္ဂရဲ့ ကြေညာစာတမ်းကို အကြီးအကျယ် ချိုးဖောက်လိုက်ခြင်း ဖြစ်တယ်လို့ပါ စွပ်စွဲခဲ့ပါသေးတယ်။

သူတို့ရဲ့ ရွေးချယ်မှုဟာ သိပ်ကို မှားယွင်းပြီး အရမ်း အန္တရာယ် ကြီးမားတယ် ဆိုတာကို ဂျပန်ဟာ မကြာခင်မှာပဲ သဘောပေါက်လာလိမ့်မယ်လို့လည်း မြောက်ကိုရီးယားက ပြောပါတယ်။

ဂျပန်ရဲ့ ကာကွယ်ရေးစွမ်းရည် မြင့်တင်မယ့် ကိစ္စကို အပြင်းအထန် ကန့်ကွက်ခဲ့ပေမယ့် သူတို့ကိုယ်တိုင်ကတော့ ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုတွေကို အစဉ်တစိုက် ဆက်လက် လုပ်ဆောင်သွားမယ်လို့ မြောက်ကိုရီးယားက အတည်ပြုသွားပါတယ်။