ကလေးမြို့ အနောက်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

ကလေးမြို့ အနောက်ပိုင်း၊ စက္ကန့်ရွာဘက်ကနေ သုံးအိမ်စုကျေးရွာဘက်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒီဇင်ဘာ (၁၉) ရက် ဒီကနေ့ နေ့လယ်ပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF Kalay က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ မနေ့က စက္ကန့်ရွာမှာ ညအိပ်ခဲ့ပြီးနောက် ဒီကနေ့မနက်ပိုင်းက သုံးအိမ်စုကျေးရွာ ဘက်ထွက်လာချိန်မှာ တိုက်ခိုက်ခံရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မိုင်းကွဲသံတွေထဲမှာ နှစ်ချက်ကတော်တော်ကျယ်တယ်၊ မိုင်းကွဲပြီး ပစ်ခတ်သံတွေကိုလည်း ကြားရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

စက္ကန့်ကျေးရွာကနေ ထွက်လာတဲ့ အင်အားတရာဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းကို သုံးအိမ်စု ကျေးရွာအရောက်မှာ မိုင်းငါးလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ PDF Kalay တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့် အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီစစ်ကြောင်းဟာ အနီးဝန်းကျင်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တနာရီနီးပါးကြာ ရမ်းသန်းပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီစစ်ကြောင်းရဲ့ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် နဂါးပွက်ကျေးရွာက သက်ကြီးရွယ်အိုတဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နွားတကောင်နဲ့ ဆိုင်ကယ် သုံးစီးကိုလည်း ထိမှန်ခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ သုံးအိမ်စုကျေးရွာအနီးမှာ ဖြတ်သန်းသွားလာတဲ့ အသက် ၁၄ နှစ်အရွယ် ဆယ်ကျော်သက် လူငယ်တဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ရက်တွေကတည်းက ကလေးမြို့အနောက်ပိုင်းမှာ စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်လို့ သုံးအိမ်စုကျေးရွာနဲ့ အနီးဝန်းကျင်ကျေးရွာက ပြည်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပြီး စက္ကန့်ကျေးရွာက ပြည်သူတချို့ကတော့ ရွာထဲမှာ ကျန်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“သုံးအိမ်စုရွာက တော်တော်များက ရှောင်နေကြတာကြာပြီ၊ စက္ကန့်ရွာကတော့ စစ်သားတွေလာတုန်းက ဘာမှမလုပ်ဘူး၊ အထက်ကခိုင်းလို့လာတာဆိုပြီး သူတို့ကိုပြောတယ်၊ ပစ်ခတ်မှုတွေလည်း မလုပ်ဘူးပေါ့၊ သူတို့စကားယုံတဲ့လူတွေ ကျန်ခဲ့တာ” လို့ သူကဆိုပါတယ်။

ဒီကနေ့ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကလေးမြို့ဘက်ကို စစ်ကြောင်းပြန်ဆုတ်လာပြီး မြို့လှဘုန်းတော်ကြီးကျောင်းမှာ ညအိပ်တည်းခိုနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။