စမ်းချောင်း၊ ဗဟိုလမ်းက အမှိုက်ပုံမှာဗုံးတွေ့လို့ စစ်တပ်က ဖောက်ခွဲဖျက်ဆီး

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတော (တောင်) ရပ်ကွက်၊ ပုသိမ်လမ်းနဲ့ ဗဟိုလမ်းမကြီးထောင့် အမှိုက်ပုံမှာ ဒီကနေ့ ဗုံးတွေ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ စမ်းချောင်းမြို့နယ်မှာ နေထိုင်သူတွေဆီက သိရပါတယ်။

“စည်ပင်တွေက အမှိုက်ပုံထဲကတွေ့လို့ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းကို အ​ကြောင်းကြားလိုက်တာနေမယ်” လို့ စမ်းချောင်းမြို့နယ်နေ ဒေသခံတဦးက ပြောပါတယ်။

ပုသိမ်လမ်းနဲ့ ဗဟိုလမ်းမကြီးထောင့်က အမှိုက်ပုံကို စည်ပင်သာယာက အမှိုက်တွေ ရှင်းလင်းနေချိန် ဒီဇင်ဘာ (၁၉) ရက် ဒီကနေ့ ညနေပိုင်းမှာ ဗုံးလို့သံသယရှိတဲ့ အထုတ်တစ်ထုတ်ကို တွေ့ရှိခဲ့တာဖြစ်ပြီး စစ်တပ်က ညပိုင်းမှာ လာရောက်ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က DC ၄ စီး၊ မီးတန်းယာဥ်တစ်စီးနဲ့ အိမ်စီးကားတစ်စီးတို့ရောက်လာကာ ဗဟိုလမ်းကိုပိတ်ပြီး ဖောက်ခွဲဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။

လက်ရှိဗုံးတွေ့တဲ့နေရာဟာ ပြီးခဲ့တဲ့လပိုင်းအတွင်းက အမှတ် ၃ အခြေခံပညာ အလယ်တန်းကျောင်းအနီး ပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာအနီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

အမှတ် ၃ အခြေခံပညာ အလယ်တန်းကျောင်းအနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ဖြစ်စဥ်မှာတော့ အမျိုးသားတဦး ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။