အာဏာသိမ်းစစ်ကောင်စီနဲ့ဆက်ပြီး လက်တွဲဆောင်ရွက်နေတဲ့ ပြည်တွင်းက အလုပ်သမားအဖွဲ့နှစ်ခုကို အမည်ပျက် (BlackList) စာရင်းတင်သွင်းလိုက်တယ်လို့ မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစုကဒီနေ့မှာ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ် (MSF) နဲ့ မြန်မာနိုင်ငံ တောင်သူ လယ်သမား၊ စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (AFFM – IUF) တို့ကို အမည်ပျက် စာရင်းသွင်းလိုက်တာ ဖြစ်ပါတယ်။
“အဲ့ဒီအလုပ်သမားအဖွဲ့တွေက အာဏာသိမ်းကာလမှာ အလုပ်သမားအဖွဲ့တွေ ဖိနှိပ်ဖြိုခွဲခံနေရတာ မဟုတ်သယောင်နဲ့ စစ်တပ်အလိုကျ နိုင်ငံတကာကို ရုပ်လုံးပြနေတာ” လို့ မြန်မာနိုင်ငံ အလုပ်သမား တပ်ပေါင်းစု အဖွဲ့ဝင်တဦးက ပြောပါတယ်။
အဲဒီအလုပ်သမားအဖွဲ့ချုပ်တွေဟာ ပြည်တွင်းမှာ အလုပ်သမားတွေ ဖိနှိပ်ခံနေရတာကို လျစ်လျူရှုပြီး စစ်ကောင်စီအလိုကျ လိုက်ပါဆေင်ရွက်နေလို့ အမည်ပျက်စာရင်းသွင်းတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ အလုပ်သမား တပ်ပေါင်းစုက ဆိုပါတယ်။
မြန်မာနိုင်ငံ အလုပ်သမား တပ်ပေါင်းစုဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများအဖွဲ့ (Action Labor Rights- ALR) နဲ့ လုပ်သမားအခွင့်အရေး တိုးမြှင့်ဖော်ဆောင်ရေး ကော်မတီ (CDLR) တို့ကိုလည်း အလားတူ အမည်ပျက်စာရင်းသွင်းခဲ့ပါသေးတယ်။
အဲဒီအလုပ်သမားအဖွဲ့တွေဟာ စစ်အုပ်စုကို နိုင်ငံတကာမှာ ပြယုဂ်ကောင်းစေဖို့ တရားမဝင် အစိုးရ-အလုပ်ရှင် – အလုပ်သမား သုံးပွင့်ဆိုင်ယန္တရားမှာ ပါဝင်တက်ရောက်တဲ့ လုပ်ရပ်တွေကို လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစုက ဆိုပါတယ်။
အဲဒီလို လုပ်ဆောင်မှုတွေဟာ အကြမ်းဖက်စစ်တပ်အနေနဲ့ အလုပ်သမားသမဂ္ဂတွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးနေကြောင်း၊ အလုပ်သမားရေးရာ အငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်ပေးနေကြောင်း၊ သုံးပွင့်ဆိုင် ယန္တရားများ အောင်မြင်နေကြောင်း အလုပ်သမား အခွင့်အရေးများ၊ လူ့အခွင့်အရေးများကို ဖော်ဆောင်ပေးနေကြောင်း စတဲ့ဝါဒဖြန့်ပြောဆိုမှုတွေ နိုင်ငံတကာကို ဖြန့်ဖြူးနိုင်အောင် ကူညီပံ့ပိုးပေးနေတဲ့ သဘောဆောင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“အဲဒီအဖွဲ့ချုပ်တွေက စက်မူလုပ်သားတွေကို ကိုယ်စားပြုမူမရှိဘူး၊ ဒါပေမယ့် စစ်ကောင်စီနဲ့တွေ့တဲ့အခါမှာ ကိုယ်စားပြုသယောင် ပြောဆိုတာတွေ ရှိနေတာ” လို့ အလုပ်သမားအဖွဲ့ချုပ်ခေါင်းဆောင် တစ်ဦးက ပြောပါတယ်။
အခုလို အမည်ပျက်တင်သွင်းခံရတာနဲ့ ပတ်သက်လို့ အဲဒီအလုပ်သမားအဖွဲ့ချုပ်နှစ်ခုကို ဆက်သွယ်ပေမယ့် ဆက်သွယ်မရသေးပါဘူး။
မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစုဟာ ပြည်တွင်းက အလုပ်သမား အဖွဲ့အစည်းတွေ စုပေါင်းထားပြီး အလုပ်သမားအရေးနဲ့ အာဏာရှင်ကျဆုံးရေးအတွက် NUG အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အလုပ်သမား အဖွဲ့ချုပ်တွေကို တဖက် သတ် ဖျက်သိမ်းပြီး ဦးဆောင်သူတွေကို ဖမ်းဆီးတာ၊ ဝရန်းထုတ်တာ၊ နိုင်ငံကူးလက်မှတ် ရုပ်သိမ်း တာတွေ ပြုလုပ်ခဲ့ပါတယ်။