နှစ်ပေါင်း သုံးဒါဇင်ကြာအောင် စောင့်ခဲ့ရတဲ့ ကမ္ဘာ့ဖလားကို အာဂျင်တီးနား ပြန်လည် သိမ်းပိုက်

ဒီဇင်ဘာ ၁၈ ရက် ညပိုင်းက ယှဉ်ပြိုင် ကစားသွားတဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲစဉ်မှာတော့ စိတ်လှုပ်ရှားစရာ အလှည့်အပြောင်းတွေ အမျိုးစုံ ကြုံတွေ့ခဲ့ရပြီး အာဂျင်တီးနား အသင်းက အနိုင်ရ ဗိုလ်စွဲသွားခဲ့ပါတယ်။
ဗိုလ်လုပွဲ မစခင်မှာ ကစားသမားတချို့ ဖျားနာခဲ့တယ်ဆိုတဲ့ ပြင်သစ် အသင်းဟာ အခုပွဲရဲ့ အစောပိုင်း မိနစ်တွေမှာ သွက်သွက်လက်လက် မရှိဘဲ အာဂျင်တီးနားရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရပါတယ်။ ပြီးတော့ ပြင်သစ်ရဲ့ တိုက်စစ်လမ်းကြောင်းတွေ အဓိက စတင်လေ့ရှိတဲ့ အန်သိုနီ ဂရစ်ဇ်မန်းကို ဝိုင်းဝန်း ဖိအားပေး ပိတ်ဆို့စေခဲ့တဲ့ အာဂျင်တီးနား နည်းပြ လီယွန်နယ် စကာလိုနီရဲ့ နည်းဗျူဟာကလည်း အလုပ်ဖြစ်ခဲ့ပါတယ်။
ပွဲချိန် ၂၃ မိနစ်မှာတော့ အိန်ဂျယ်လ် ဒီမာရီယာကို ပြင်သစ်ရဲ့ အူစ်မာနေး ဒမ်ဘီလီ ဖျက်ထုတ်ပုံကြမ်းလို့ ပင်နယ်တီ ပေးရပြီး အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက အမှားအယွင်းမရှိ ကန်သွင်းခဲ့ပါတယ်။ ၃၆ မိနစ်မှာ တန်ပြန် တိုက်စစ်ကနေတဆင့် အလက်ဆစ် မက်အလစ္စတာ ဆွဲပြေးလာပြီး ဖြတ်ပို့တာကို ဒီမာရီယာက အပိုင်ကန်ပြီး အာဂျင်တီးနားတို့ ပွဲကို နှစ်ဂိုးပြတ် ဦးဆောင်ခဲ့ပါတယ်။ နှစ်ဂိုး အသာရနေပြီး နောက်ပိုင်းမှာလည်း ပွဲချိန် မိနစ် ၇၀ လောက်ထိ အာဂျင်တီးကပဲ ကစားကွက်ပိုင်းမှာ ပိုမိုလွှမ်းမိုးပြီး ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။
ပြင်သစ် နည်းပြ ဒီဒီရာဒက်စ်ချမ့်ဟာ ပထမပိုင်း မပြီးခင်ကတည်းကစပြီး လူအပြောင်းအလဲတွေ ဆက်တိုက် လုပ်ခဲ့သလို ဂရိဇ်မန်းကိုပါထုတ်၊ မြန်နှုန်းမြင့်တဲ့ ကစားသမားတွေကို ထည့်ပြီး အာဂျင်တီးနား ခံစစ်ကြောင်းကို တစ်ဦးချင်း အားထုတ်မှုတွေနဲ့ ပိုမိုထိုးဖောက်စေခဲ့ပါတယ်။ ဒက်စ်ချမ့်ရဲ့ ဗျူဟာ ရွေးချယ်မှုက အလုပ်ဖြစ်ခဲ့ပြီး ပြင်သစ်ရဲ့ မြန်နှုန်းမြင့် ထိုးဖောက်မှုတွေကို တားဆီးရင်း ပွဲချိန် မိနစ် ၈၀ မှာ အာဂျင်တီးနားတို့ ပင်နယ်တီ ပေးခဲ့ရပါတယ်။ အဲဒီပင်နယ်တီကို ပြင်သစ်ရဲ့ အဓိက တိုက်စစ်မှူး ကိုင်လီယန် အမ်ဘက်ပီက ကန်သွင်းပြီး ချေပဂိုး စတင် ရရှိခဲ့ပါတယ်။ နောက်ထပ် ၂ မိနစ် မပြည့်ခင်မှာပဲ လူစားဝင် ကစားသမား မားကက်စ်သူရမ် ပေးပို့တဲ့ ဘောလုံးကို အမ်ဘက်ပီကပဲ လှလှပပ ကန်သွင်းပြီး နှစ်ဂိုးစီ သရေဖြစ်သွားပါတယ်။ ပွဲဟာ ပိုအသက်ဝင်လာပြီး နှစ်ဖက်စလုံး အနိုင်ဂိုးရဖို့ ကြိုးစားကြရင်း မိနစ် ၉၀ အချိန်ပြည့်သွားပါတယ်။
အချိန်ပိုမှာတော့ မက်ဆီက အာဂျင်တီးနားအတွက် ဦးဆောင်ဂိုး ထပ်သွင်းပေမယ့် လက်ထိဘောကနေတဆင့် ပေးလိုက်ရတဲ့ ပင်နယ်တီကြောင့် အမ်ဘက်ပီက သူ့ရဲ့ ကမ္ဘာ့ဖလား Hat-Trickဂိုးကို သွင်းယူသွားနိုင်ခဲ့ပါတယ်။ အရင်က ကမ္ဘာ့ဖလား ပြိုင်ပွဲ သမိုင်းတလျှောက် ဗိုလ်လုပွဲမှာ Hat-Trick သွင်းယူနိုင်သူဟာ ၁၉၆၆ ခုနှစ်က အနောက်ဂျာမနီကို ၃ ဂိုး သွင်းခဲ့သူ အင်္ဂလန် ကစားသမား ဂျော့ဟတ်စ် တစ်ဦးတည်းသာ ရှိခဲ့ဖူးပါတယ်။ ဒီဂိုးကြောင့် အမ်ဘက်ပီဟာ ကာတာ ကမ္ဘာ့ဖလားရဲ့ သွင်းဂိုးအများဆုံး ရွှေဖိနပ်ဆုကိုလည်း သွင်းဂိုး ၈ ဂိုးနဲ့ ရရှိသွားခဲ့ပါတယ်။
မိနစ် ၁၂၀ ပြည့်ချိန်မှာ ၃ ဂိုးစီ သရေကျနေလို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူတဲ့ အခါမှာတော့ အာဂျင်တီးနားက ၄ ဂိုးစလုံး ဝင်အောင် ကန်နိုင်ပေမယ့် ပြင်သစ်ကတော့ ကင်စလေ ကိုးမန်းနဲ့ အော်ရီလီယန် ချူမန်နီတို့ ဂိုးမဝင်ခဲ့တာကြောင့် အာဂျင်တီးနား အသင်းဟာ ၃၆ နှစ်ကြာ စောင့်ခဲ့ရတဲ့ ကမ္ဘာ့ဖလားကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။ ဒဏ်ရာ ပြဿနာတွေ တပုံတခေါင်း ကြုံခဲ့ရတာတောင် လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ ဗိုလ်လုပွဲထိ တက်လာနိုင်တဲ့ ပြင်သစ်ကတော့ အကောင်းဆုံး ဒုတိယ အနေနဲ့သာ ရောင့်ရဲခဲ့ရပါတယ်။ အာဂျင်တီးနား အတွက်တော့ ကမ္ဘာ့ဖလားကို တတိယ အကြိမ်မြောက် ဆွတ်ခူးခြင်း ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားရဲ့ ဂိုးသွင်းအများဆုံးဆုကို အမ်ဘက်ပီက ရရှိခဲ့သလို ၇ ဂိုးသွင်းပြီး အာဂျင်တီးနားကိုလည်း အကောင်းဆုံး ဦးဆောင်ပေးခဲ့သူ မက်ဆီက ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆု၊ ဗိုလ်လုပွဲနဲ့ ကွာတားဖိုင်နယ် ပွဲစဉ်တွေမှာ ပင်နယ်တီတွေ လက်စွမ်းပြ ကာကွယ်ရင်း သူရဲကောင်း ဖြစ်ခဲ့သူ အာဂျင်တီးနား ဂိုးသမား အီမီလီယာနို မာတီနက်ဇ်က ရွှေလက်အိတ်ဆု၊ အာဂျင်တီးနား ကွင်းလယ်မှာ တောက်လျှောက် ခြေစွမ်းပြသွားခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် ကစားသမားလေး အန်ဇို ဖာနန်ဒက်ဇ်က အကောင်းဆုံး လူငယ်ဆုတွေ အသီးသီး ဆွတ်ခူး ရရှိသွားပါတယ်။