ပခုက္ကူမြို့က စစ်ကောင်စီစခန်းတိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ရှိ စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်ကို ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့လယ်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးက သေနတ် ၂ လက် ရယူနိုင်ခဲ့တယ်လို့ Earthquake People’s DefenceForce က ထုတ်ပြန်လာပါတယ်။

ဒီကနေ့ နေ့လယ် ၁ နာရီလောက်က ပခုက္ကူတက္ကသိုလ်နဲ့ ခြောက်ကန်ကျေးရွာအကြားရှိ ယောင်းမစွန်ဆီဆိုင်ရှေ့မှာ စစ်ဆေးရေးလုပ်နေတဲ့ဂိတ်ကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Earthquake People’s Defence Force က သတင်းပြန်ကြားရေးနှင့် ပြင်ပဆက်ဆံရေးရာတာဝန်ခံ ကိုပိန်က ဆိုပါတယ်။

” သူတို့ ဘယ်အချိန်လာတယ် လူဘယ်လောက်ရှိတယ်ဆိုတာကို အချိန်တလလောက်ယူပြီး စောင့်ကြည့်ခဲ့တယ်။ အပြန်လှန် ပစ်တာပေါ့။ သေနတ်ကောက်တဲ့လူကကောက် တိုက်တဲ့လူက တိုက်ပေါ့။ ၃ ယောက်သေသွားတယ်။ တစ်ယောက် ဒဏ်ရာရသွားတယ်။ နောက်ကခွေးတွေ လိုက်လာတယ်ကြားလို့ ကျနော်တို့ ပြန်ဆုတ်ခဲ့တယ်။ ကျနော်ဖက်က အထိအခိုက်မရှိခဲ့ပါဘူး ” လို့ သူကပြောပါတယ်။

အဲဒီ ပစ်ခတ်တိုက်ခိုက်မှု အပြီးမှာ စစ်ကောင်စီဘက်က MA3 (၁) လက် အပါအဝင် အူစီ (၁) လက်ကို သိမ်းဆည်းနိုင်ခဲ့ပြီး G3 ကျည် (၅၀၀)၊ G3 ကျည်ဘောက် (၂) ခု၊ ကား (၁) စီးနဲ့ လက်ထိပ်တစ်ခု စစ်အုပ်စုရဲ့ ဆပ်ကြေးကောက်ခံသော စာအုပ် (၁) အုပ်၊ မှတ်ပုံတင်၊ ဖိနပ်၊ ဦးထုပ်၊ ငွေသား (၃) သိန်းနှင့် လက်ကိုင်ဖုန်း (၂) လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆက်ထုတ်ပြန်ထားပါတယ်။

” အဲဒီ ဂိတ်မှာ လူ ၄ ယောက်ကို သေနတ် ၃ လက်ပဲရှိတယ်။ ကျန်ခဲ့တဲ့ တကောင်ကလည်း သေနတ်ထိထားတယ်။ သူကဂိတ်ကနေ ခံပစ်နေတာဗျ။ သူဆီကပ်တဲ့အချိန် မြို့ပေါ်က ခွေးတွေလိုက်လာတယ်ကြားလို ပြန်ဆုတ်ခဲ့တာ ” လို့ ကိုပိန်က ပြောပါတယ်။