စစ်ကောင်စီတပ်သားတွေ CDM လုပ်လာရင် စစ်တပ်က လက်နက်ပြန်ရရေးသာ ဦးစားပေးနေတယ်လို့ဆို

စစ်ကောင်စီ ခေါင်းဆောင်ပိုင်းတွေက အောက်ခြေအဆင့်တွေအပေါ် ဖိနှိပ်တာတွေကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ လာရောက်ပူးပေါင်းတဲ့ တပ်သားတွေ ပိုများလာပြီး စစ်တပ်ဘက်ကတော့ လက်နက်ပြန်ရရရေးကိုသာ ပိုဦးစားပေးနေတယ်လို့ မင်းတပ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့မှာဆိုရင်လည်း မင်းတပ်မြို့ ခလရ ၂၇၄ က စစ်ကောင်စီတပ်သားတဦးဟာ CDF-Mindat ဆီကို လက်နက်နဲ့တကွ ခိုလှုံလာတယ်လို့ CDF-Mindat ရဲ့ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။

“သောကြာမနက် အစောပိုင်းမှာ ကျနော်တို့ထံ လာရောက်ပူးပေါင်းတာပါ။ ထွက်လာဖို့တော့ အခက်အခဲ အများကြီးရှိမှာပါ။ ဒါတွေ အသေးစိတ်ပြောရင် နည်းလမ်းတွေ ဖော်သလို ဖြစ်မှာစိုးလို့ မပြောနိုင်သေးဘူး။ သေချာတာတခုကတော့ စကစ အရာရှိတွေက သူတို့အောက်ခြေစစ်သားတွေ လက်နက်ပါပြီး တပ်ကထွက်ခွာရင် လက်နက်ပြန်ရရှိရေးပဲ အသဲအသန် ကြိုးစားတာတွေ့ရတယ်။ လူထက် လက်နက်ကို တန်ဖိုးပိုထားတယ် ဆိုတဲ့သဘောပေါ့” လို့ CDF-Mindat ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

လက်ရှိ CDF မင်းတပ်ဆီ ခိုလှုံလာသူဟာ ကိုမျိုးသက်ပိုင်ဟာ (တပ်သား) အဆင့်ဖြစ်ပြီး ခိုလှုံလာချိန်မှာ MA 1 တစ်လက်၊ ကျည် Box 4ခု၊ ကျည်ဆံ ၆၅ တောင့်၊ ကျည်ကာဝတ်စုံတို့ပါလာခဲ့ပြီး CDF-Mindat ဆီကို အပ်နှံခဲ့တာကြောင့် စစ်ကောင်စီတပ်သားကို အဖွဲ့က ငွေကျပ်သိန်း ၅၀ ကို ပြန်လည်ချီးမြှင့်ပေးခဲ့တယ်လို့ CDF-Mindat ရဲ့တာဝန်ရှိသူက ဆက်ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်သားအချို့ဟာ ဒေသကာကွယ်ရေးအဖွဲ့တွေဆီကို နည်းလမ်းမျိုးစုံနဲ့ ချိတ်ဆက်ပြီး အလင်းဝင်ရောက်ခဲ့သလို CDF-Mindat အဖွဲ့ထံကိုလည်း အလင်းဝင်ရောက်မှု အများအပြား ရှိတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ဆီ ပူးပေါင်းလာတဲ့ စကစ တွေ အများကြီး ရှိပါပြီ။ မကွီအိမ်နူး စခန်းဆိုရင် တာဝန်ခံ စခန်းမှူး ဗိုလ်ကြီးအဆင့်တဦးက ခုထိကျနော်တို့ဆီမှာပါ။ အရေအတွက် အတိအကျတော့ မပြောနိုင်သေးဘူးခင်ဗျ” လို့ CDF-Mindat ရဲ့တာဝန်ရှိသူက ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ဒေသကာကွယ်ရေးအဖွဲ့တွေဆီကို အလင်းဝင်ရောက်မှုတွေ ရှိနေပေမယ့် အဲ့ဒီအလင်းဝင်ရောက်လာသူတွေ လုံခြုံရေးနဲ့ နေထိုင်သွားလာရေးကတော့ အခက်အခဲတွေ ဆက်ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

ဒီအခက်အခဲတွေကြောင့်လည်း NUG အစိုးရအနေနဲ့ တာဝန်ယူမှုရှိရှိနဲ့ လွှဲပြောင်းလက်ခံပြီး ကူညီ ဆောင်ရွက်ပေးဖို့ တောင်းဆိုချင်တယ်လို့လည်း CDF-Mindat ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။