မြဝတီမြို့က သားပျောက်မိခင် ကလေးငယ်ကို ရှာဖွေရင်း ကွယ်လွန်

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ကတည်းက မြဝတီမြို့မှာ အသက် ၇ နှစ်အရွယ် သားငယ်ဖြစ်သူပျောက်ဆုံးတာကို ရှာဖွေနေတဲ့ မခင်ညိုစန်းဟာ မနေ့ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ မိသားစုဝင်တွေက DNA ကိုပြောပါတယ်။

မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက်ထဲက ရွှေဘုန်းပွင့် ၁၉ လမ်းမှာရှိတဲ့ မိုးမခဘုန်းကြီးကျောင်းအနောက်ဘက်က နေအိမ်အနီးမှာ အသက် ၇ နှစ်အရွယ် မောင်ချစ်ချစ်တုန်ဟာ ပျောက်ဆုံးသွားခဲ့ပြီး မိသားစုတွေဟာ ဆက်တိုက်ရှာဖွေမှုတွေ လုပ်နေခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလိုရှာဖွေနေရင်း ရောဂါအခံလည်းရှိတဲ့ မိခင်ဖြစ်သူ မခင်ညိုစန်းဟာ ဆုံးပါးသွားရတာ ဖြစ်တယ်လို့ မိသားစုတွေက ဆိုကြပါတယ်။

“နဂိုထဲကတော့ ရောဂါသည်ပေါ့ ။ သားလေးက အလုပ်သွားရင် ထားထားခဲ့ရတယ်။ ပျောက်တဲ့နေ့က ကျွန်တော်အပြင်ကို အလုပ်လေးတချက် သွားလိုက်တာ။ ထုံးစံအတိုင်း အမေနဲ့ထားခဲ့ရတာပေါ့။ အဲ့ဒီနေ့ နေ့လည်ပိုင်းလောက်ကပဲ ပျောက်သွားတာ ခုသူ့အမေဆုံးသွားတဲ့အထိ ပြန်မတွေ့ရသေးဘူး။သတင်းအစအနလဲမရဘူး” လို့ ကွယ်လွန်သူရဲ့ အမျိုးသားဖြစ်သူက DNA ကိုပြောပါတယ်။

တပတ်ကျော်ကြာတဲ့အထိ ပျောက်ဆုံးနေတဲ့ အသက် ၇ နှစ်အရွယ် မောင်ချစ်ချစ်တုန်ဟာ နာမကျန်းဖြစ်နေတဲ့ မိခင်ဖြစ်သူကို အနီးကပ် လက်တိုလက်တောင်း ကူညီပေးနေတဲ့ ကလေးငယ်ဖြစ်သလို ကလေးငယ် ပျောက်ဆုံးသွားတဲ့ အခြေအနေကို အနီးအနားမှာ မြင်တွေ့သူလည်း မရှိလိုက်တဲ့အတွက် သတင်းအစအန သိရတာ မရှိဘူးလို့လည်း ဆိုပါတယ်။

‘’ဗေဒင်ဆရာတွေက ဖုန်းဆက်ရင် ဟိုနားရှာဒီနားရှာနဲ့ အသုဘတဖက်နဲ့ လိုက်ရှာနေရတယ်။ အခုထိလည်း မတွေ့သေးဘူး’’ လို့ကလေးငယ်ရဲ့ ဖခင်ဖြစ်သူက ဆက်ပြောပြပါတယ်။

လက်ရှိမှာတော့ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းကို မြဝတီမြို့ကနေအိမ်မှာပဲ သုံးရက်ကြာ ထားရှိမှာဖြစ်ပြီး သားဖြစ်သူကို ခေါ်ဆောင်သွားသူတွေကို သူတို့မိသားစုရဲ့ ဖြစ်ရပ်ကို သိစေချင်တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်ကစလို့ မြို့ကြီးအချို့မှာ ကလေးပျောက်ဆုံးမှုတွေ မကြာခဏ ဖြစ်ပွားလာပြီးကလေးငယ်တချို့ကို ပြန်ရှာဖွေတွေ့တာတွေ ရှိပေမယ့် တချို့ကလေးငယ်တွေကတော့ မိသားစုတွေဆက်ရှာဖွေနေကြဆဲဖြစ်ပြီး ပြန်မတွေ့ကြသေးပါဘူး။