မြောင်မြို့နယ်မှာ မီးရှို့ခဲ့တဲ့ စစ်တပ် ငါးရက်ဆက် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း တပ်စွဲပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ငါးရက်ဆက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ မြောင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက DNA ကို ပြောပါတယ်။

မြောင်မြို့နယ်ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေဟာ ဒီဇင်ဘာ (၁၀) ရက်ကနေ (၁၅) ရက်အထိ ထိတွေ့တိုက်ပွဲဖြစ်တာ၊ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်တာတွေ ရှိခဲ့တာပါ။

အဲ့ဒီလိုတိုက်ခိုက်တာကြောင့် ငါးရက်အတွင်း စစ်ကောင်စီတပ်သား ဆယ့်လေးဦးသေဆုံးကာ ခြောက်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး သေဆုံးထိခိုက်မှု အတည်မပြုနိုင်တာတွေလည်း ရှိတယ်လို့ မြောင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်က ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာ (၁၅) ရက်ညနေပိုင်းမှာ ကျောက်ရစ်ရွာ စခန်းနဲ့ မြောင်စခန်းတွေဆီကို စစ်ကြောင်းခွဲဝင်သွားကြပြီး လက်ရှိမှာ စစ်ကြောင်းထိုး မီးရှို့မှုတွေ မရှိသေးဘူးလို့ သူက ပြောပါတယ်။

ဒေသကာကွယ်ရေးတပ်တွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်တွေဟာ မြောင်ကကျေးရွာတွေထဲ ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ရမ်းသမ်းပစ်ခတ်တာကြောင့် အနီးအနားကဒေသခံတွေ ထိခိုက်ဒဏ်ရာရတာတွေရှိပြီး လက်ရှိမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

မြောင်နယ်အတွင်းမှာ စစ်ကောင်စီက အင်အား (၁၃၀) ဝန်းကျင်နဲ့ ဝိုင်းပတ်ပိတ်ဆို့ပြီး ကျေးရွာတွေကိုဝင်ရောက်မီးရှို့ဖျက်ဆီးမှုတွေ လုပ်နေတာကြောင့် ကျေးရွာ (၁၃) ရွာက စစ်ရှောင်တသောင်းကျော်ထိထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ မြောင်ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ဝင်တွေက မီးဘေးသင့် စစ်ရှောင်ပြည်သူတွေကို ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်နေပြီး စစ်ရှောင်ဦးရေ များပြားလာတာကြောင့် အကူအညီတွေလည်း လိုအပ်နေတယ်လို့ မြောင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။