အပစ်ရပ်ရခိုင်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဆယ်နီးပါး နှုတ်ထွက်စာတင်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းက စစ်ကောင်စီ လက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူး (၁၉) ဦးဟာ နှစ်ဘက်တပ်ဖွဲ့တွေကြား လုပ်ရကိုင်ရတာ အခက်အခဲတွေ ရှိတယ်လို့ဆိုကာ နှုတ်ထွက်စာ တင်ထားကြတယ်လို့ သိရပါတယ်။

ရသေ့တောင်မြို့နယ်တောင်ပိုင်း ကူတောင်နယ်မြေအတွင်းမှာရှိတဲ့ ကျေးရွာအုပ်စု ၁၉ ခုက အုပ်ချုပ်ရေးမှူးတွေဟာ ဒီဇင်ဘာ (၁၆) ရက်မှာ နှုတ်ထွက်စာ တင်ခဲ့ကြတာ ဖြစ်ပါတယ်။

အခုလိုနုတ်ထွက်ရတာဟာ စစ်ကောင်စီနဲ့ ဒေသတွင်း အုပ်ချုပ်ရေးယန္တရားတွေကို ကိုင်တွယ်လုပ် ဆောင်နေတဲ့ ရခိုင့်တပ်တော် (AA) တို့ကြားမှာ ကြားညပ်ပြီး အဆင်မပြေမှုတွေ ရှိနေတာကြောင့်လို့ ဒေသခံတချို့က ပြောပါတယ်။

“အဓိကကတော့ ရွာသားတွေလည်း မကြိုက်ကြဘူးပေါ့၊ ပြီးတော့ ကြားညပ်တာတွေလည်း ရှိတယ်လေ၊ အဲဒါတွေကြောင့် ထွက်ကြတာလို့ ပြောကြပါတယ်၊ စစ်ကောင်စီ လက်အောက်မှာ မလုပ်ချင်ကြတော့တာလည်း ပါတာပေ့ါ” လို့ ရသေ့တောင်မြို့နယ် ကူတောင်တိုက်နယ် ဒေသခံတဦးက ပြောပါတယ်။

ရသေ့တောင်မြို့နယ်က အုပ်ချုပ်ရေးမှူးတွေအပြင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ကျေးရွာအုပ်ချုပ်ရေးမှူး အားလုံးနီးပါးဟာလည်း ​ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း နှုတ်ထွက်စာတင်ခဲ့ကြပါတယ်။

သူတို့ဟာလည်း စစ်ကောင်စီ လက်အောက်မှာ တာဝန်မထမ်းချင်တော့တာ၊ ဖမ်းဆီး၊ တရားစွဲဆိုခံရမှာကို စိုးရိမ်တာ စတဲ့အချက်တွေကြောင့် နုတ်ထွက်ခဲ့ကြတာလို့ ပြောထားကြပါတယ်။

“ULA(AA) က အုပ်ချုပ်ရေးမှူးတွေ ရှိပြီးသားလေ၊ သူတို့ကို မလိုတော့ပါဘူး၊ တကယ့်တကယ်တမ်းကျတော့လည်း စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက ဘာမှလုပ်ပေးနိုင်တာမှ မဟုတ်တာ၊ ပြဿနာတစ်ခုဖြစ်လာရင် ဒီဘက်က လူတွေဆီမှာ တိုင်တောကြတော့တာ” လို့ ပုဏ္ဏားကျွန်းဒေသခံတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း နှစ်နှစ်ကျော်ကြာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ခဲ့ပြီးနောက်၂၀၂၀ ကစလို့ တိုက်ပွဲတွေ ရပ်နားထားချိန်မှာ ရခိုင့်တပ်တော် AA က အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ အခွန်ကောက်ခံရေးစတဲ့ယန္တရားကို တဖြေးဖြေးတည်ဆောက်လာခဲ့ပြီး လက်ရှိမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေကို ကိုင် တွယ်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တိုက်ပွဲကာလတုန်းကလည်း ရခိုင်ပြည်နယ်အတွင်းက ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အခုလိုပဲ အစုလိုက်အပုံလိုက် နှုတ်ထွက်ကြတာတွေ ရှိခဲ့ဖူးပါတယ်။