ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းကနေ ဒီဇင်ဘာလဆန်းအတွင်း စစ်တပ်က စစ်ကြောင်းထိုး မီးရှို့ခဲ့တဲ့ စစ် ကိုင်းတိုင်း ဒီပဲယင်းအရှေ့ခြမ်းရွာတွေကို စစ်တပ်က ရေဦးနယ်ထဲကနေ လက်နက်ကြီးတွေနဲ့ပစ်လို့ ဒေသခံအမျိုးသမီးတဦး ဒဏ်ရာရခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ တာဝန်ခံက DNA ကိုပြောပါတယ်။
“ကျွန်တော်တို့ ညောင်လှကျေးရွာဘက်ကို လက်နက်ကြီး ခုနစ်လုံးလောက် ကျတယ်ဗျ၊ အဲ့ဒီလက်နက်ကြီးကြောင့် အမျိုးသမီးတဦးပေါ့၊ လက်နက်ကြီးအစ ထိမှန်တယ်” လို့ သူက ပြောပါတယ်။
လက်နက်ကြီးကျည်ထိမှန်ခဲ့တဲ့ အမျိုးသမီးဟာ အသက်လေးဆယ်အရွယ်ရှိပြီး လက်နက်ကြီးစ ခြေ ထောက်ကို ထိမှန်ကာ မစိုးရိမ်ရဒဏ်ရာရတာဖြစ်တယ်လို့ သိရပါတယ်။
စစ်တပ်က အခုလိုကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် နေအိမ်ခြောက်လုံး ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံကျေးရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။
လက်နက်ကြီးနဲ့ပစ်ခတ်ခံရတဲ့ ညောင်လှကျေးရွာဟာ ဒီဇင်ဘာလအစောပိုင်းအတွင်း စစ်ကောင်စီ စစ် ကြောင်းရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်နှစ်ရာဝန်းကျင် မီးလောင်ဆုံးရှုံးခဲ့ရတဲ့ ရွာတစ်ရွာလည်း ဖြစ် တယ်လို့ သိရပါတယ်။
အခုလို လက်နက်ကြီးနဲ့ပစ်ခတ်တဲ့ စစ်ကောင်စီတပ်ဟာ ရေဦးမြို့နယ်၊ ကြာဖူးဝိုင်းဘက်ကနေ စစ်ကားနှစ်စီးနဲ့ ကြာဖူးဝိုင်းတောင်ဘက် ရွာသာလေးနဲ့ ကုက္ကိုစုကျေးရွာတွေကို ဝင်ရောက်ပြီး ဒီပဲယင်းအရှေ့ဘက်ခြမ်း ကျေးရွာတွေကို (၁၂၀) မမ နဲ့ ပစ်ခတ်နေတာဖြစ်တယ်လို့ ရေဦးမြို့နယ် ပြည်သူကာကွယ်ရေး အဖွဲ့က တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ဒီပဲယင်းအရှေ့ခြမ်းရွာတွေကို စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဆယ်ရက်အတွင်း ဒီပဲယင်းအရှေ့ခြမ်းရွာနှစ်ဆယ်နီးပါးက နေအိမ် (၁၇၀၀) ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ရှောင်ကူညီရေးအဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။