ရေမြင်းမျိုချတာ ခံခဲ့ရပြီးမှ အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ ယူဂန္ဓာ ကလေးငယ်

အာဖရိကတိုက်က ယူဂန္ဓာ နိုင်ငံမှာ ၂ နှစ်သား ကလေးငယ် တစ်ဦးကို ရေမြင်းတစ်ကောင်က မျိုချလိုက်ပြီးမှ ပြန်ထွေးထုတ်ခဲ့ကြောင်း သိရပါတယ်။ 

ယူဂန္ဓာ မီဒီယာတွေက နာမည် ဖော်ပြမထားတဲ့ ကလေးငယ်ဟာ ကွန်ဂိုနဲ့ ယူဂန္ဓာ နိုင်ငံ နယ်စပ်နားက ကက်ဝီ ကာတာဘိုရိုမြို့မှာရှိတဲ့ မြစ်ကမ်းတစ်ခု နံဘေးမှာ ကစားနေခဲ့ပါတယ်။ အဲဒီအချိန်မှာ ဆာလောင်နေဟန်ရှိတဲ့ ရေမြင်းကြီး တစ်ကောင်က ရေထဲကနေ ရုတ်တရက် တက်လာပြီး ကလေးငယ်ကို တစ်ကိုယ်လုံးနီးပါး ပါးစပ်ထဲ ထည့်မျိုလိုက်တာ ဖြစ်ပါတယ်။ 

ဘေးမှာ ရှိနေသူတွေက ရုတ်တရက် ထိတ်လန့်သွားပေမယ့် သတိကောင်းသူ တစ်ဦးက စတင်ပြီး ရေမြင်းကြီးကို ခဲနဲ့ ပစ်ပေါက် နှောင့်ယှက်ခဲ့ကြပါတယ်။ လူတွေက ဝိုင်းပြီး ခဲတွေ၊ ပစ္စည်းတွေနဲ့ ပစ်ပေါက်ကြတာကြောင့် ရေမြင်းဟာ ကလေးငယ်ကို ဝမ်းဗိုက်ထဲ ရောက်တဲ့ထိ မျိုမချတော့ဘဲ ပြန်ထွေးထုတ်ပြီး ရေထဲ ပြေးဆင်းသွားခဲ့ပါတယ်။ 

ထိတ်လန့် ကြောက်ရွံ့နေတဲ့ ကလေးငယ်ကို လူတွေက ဝိုင်းဝန်းပွေ့ချီပြီး ကွန်ဂိုဖက်ခြမ်းမှာရှိတဲ့ ဘွေရာမြို့က ဆေးရုံ တစ်ခုကို ပို့ဆောင်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ဖြစ်စဉ်မှာ ကလေးက အရမ်း ကြောက်ရွံ့သွားပေမယ့် အသက်အန္တရာယ်တော့ မရှိခဲ့ပါဘူး။ 

ယူဂန္ဓာ ရဲတပ်ဖွဲ့က ကလေးကို ရေမြင်း မျိုလိုက်တဲ့အချိန် သတိကောင်းကောင်းနဲ့ တုံ့ပြန်ခဲ့တဲ့ ဘေးမှာ ရှိနေသူတွေကို ချီးကျူးခဲ့ပါတယ်။ တကယ်လို့ သူတို့သာ နှောင့်နှေး တွေဝေနေခဲ့မယ်ဆိုရင် ကလေးငယ်ဟာ သေချာပေါက် အသက်ဆုံးရှုံးခဲ့လိမ့်မယ်လို့ ရဲတွေက မှတ်ချက်ပေးခဲ့ပါတယ်။ 

ရေမြင်းတွေဟာ ယေဘုယျအားဖြင့် အသီးအရွက်စား သတ္တဝါတွေလို့ သတ်မှတ်နိုင်ပေမယ့် ၂၀၁၅ ခုနှစ်မှာ ထုတ်ပြန်တဲ့ သုတေသနပြု ရလဒ်တစ်ခုအရ တိရစ္ဆာန် အသေကောင်တွေကိုလည်း စားလေ့ ရှိတာကြောင့် အစုံစား သတ္တဝါလို့ ယူဆနိုင်ကြောင်း သိရပါတယ်။ အာဖရိကတိုက်မှာ နှစ်စဉ် လူပေါင်း ၅၀၀ လောက်ဟာ ရေမြင်းတွေ တိုက်ခိုက်လို့ သေဆုံးကြရပါတယ်။ အထူးသဖြင့် ရေမြင်းတွေရဲ့ အစွယ်ပုံစံ ကြီးမားတဲ့ သွားကြီးတွေနဲ့ အကိုက်ခံရင် အပိုင်းပိုင်း ပြတ်သွားနိုင်တယ်လို့ သားရိုင်းတိရစ္ဆာန်ဆိုင်ရာ ပညာရှင်တွေက ပြောကြားထားပါတယ်။ အရွယ်ရောက်ပြီး ရေမြင်းတစ်ကောင်ရဲ့ သွားစွယ်ဟာ တစ်ပေလောက်ထိ ရှည်လျားနိုင်တယ်လို့လည်း သိရပါတယ်။