ဂျာမနီက ဟိုတယ်တစ်ခုမှာ ဧရာမ ငါးကန်ကြီး ပေါက်ကွဲလို့ လမ်းတွေပါ ရေလွှမ်း 

ဂျာမနီ နိုင်ငံက ကမ္ဘာ့အကြီးဆုံး ထုလုံးပုံ ငါးကန်ကြီး ပေါက်ကွဲသွားလို့ ဟိုတယ် လော်ဘီခန်း အပြင် အနီးတဝိုက် လမ်းတွေမှာပါ ရေလွှမ်းသွားခဲ့ပါတယ်။ 

AquaDomလို့ နာမည်ပေးထားတဲ့ ငါးကန်ကြီးဟာ ဘာလင်မြို့တော်က Radisson Blu ဟိုတယ်ရဲ့ လော်ဘီခန်းထဲမှာ တခမ်းတနား တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အဲဒီထဲမှာ အပူပိုင်းဇုန် ငါးမျိုးစိတ် ၁၀၀ ကျော်ရဲ့ ငါးအကောင်ရေ ၁၅၀၀ လောက်ကို ပြသထားပါတယ်။ 

ဒီဇင်ဘာ ၁၆ ရက်မှာတော့ ငါးကန်ကြီးရဲ့ မှန်သားတွေ ရုတ်တရက် ပေါက်ကွဲ ပွင့်ထွက်သွားပြီး ရေတွေရော၊ ငါးတွေပါ အရှိန်နဲ့ ကျဆင်းလာတာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ မှန်ကွဲစတွေ ထိမှန်လို့ လူ ၂ ဦး ဒဏ်ရာ ရခဲ့ပါတယ်။ 

ဟိုတယ်မှာ တည်းခိုနေတဲ့ ဧည့်သည်တွေကိုလည်း အရေးပေါ် ရွှေ့ပြောင်းစေခဲ့ကြောင်း သိရပါတယ်။ ရဲတွေကတော့ အခုဖြစ်စဉ်မှာ ထိခိုက်မှုတွေဟာ မယုံနိုင်စရာ ကောင်းလောက်အောင် ကြီးမားတယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။ ဟိုတယ်ရှေ့ လမ်းပေါ်မှာတော့ ငါးကန်ကြီးရဲ့ အပျက်အစီး အစိတ်အပိုင်းတွေ မြင်မကောင်းလောက်အောင် ပြန့်ကြဲနေတာ တွေ့ရပါတယ်။ 

ငါးကန် ပေါက်ကွဲထွက်ရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ အခင်းဖြစ်တဲ့ နေရာကို ကိုယ်တိုင် သွားကြည့်ခဲ့တဲ့ ဘာလင်မြို့တော်ဝန် ဖရန်ဇစ္စကာ ဂစ်ဖေးကတော့ အဲဒီနေရာမှာ ဆူနာမီလှိုင်း ဝင်ရိုက်သွားသလိုပဲလို့ ပြောပါတယ်။ 

ထုလုံးပုံ ငါးကန်ကြီးကို လွန်ခဲ့တဲ့ ၂ နှစ်ကတင် ပြန်လည် အားဖြည့် မွမ်းမံမှုတွေနဲ့ ပြုပြင်ထားပါတယ်။ ငါးကန်ထဲမှာ ငါးတွေကို အနီးကပ် မြင်နိုင်အောင် ဓာတ်လှေကား တစ်စင်းပါ တပ်ဆင်ပေးထားပါသေးတယ်။ 

AquaDomဟာ အောက်ခြေ အခံမပါဘဲ မှန်သားချည်းသက်သက် ၅၂ ပေမြင့်ပြီး အချင်း ၃၆ ပေ ကျယ်ဝန်းပါတယ်။ ၂၀၀၃ ခုနှစ်မှာ စတင် ဖွင့်လှစ်ခဲ့ပြီး ငါးကန် တည်ဆောက်ဖို့ ယူရိုငွေ ၁၃ သန်းနီးပါး အသုံးပြုခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ဂင်းနစ် ကမ္ဘာ့မှတ်တမ်း အဖွဲ့က AquaDomကို ကမ္ဘာ့အကြီးဆုံး ဆလင်ဒါ (ထုလုံး)ပုံ ငါးကန်အဖြစ် အသိအမှတ်ပြု ဖော်ပြခဲ့ပါတယ်။