မကွေးတိုင်း၊ ဂန့်ဂေါမြို့မှာ စစ်တပ်စစ်ဆေးရေးဂိတ်က ဆိုင်ကယ်ရပ်ဖို့ တားတာကို မရပ်မိတဲ့လူငယ်တဦး ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
ဂန့်ဂေါမြို့ အမှတ်(၁)ရပ်ကွက်က စစ်တပ်စစ်ဆေးရေးဂိတ်ကို ဖြတ်ပြီး ဆိုင်ကယ်ဆီဖြည့်ဖို့သွားတဲ့ ချင်းတိုင်းရင်းသားလူငယ်တဦး ဒီဇင်ဘာ(၁၅)ရက် ညနေပိုင်းမှာ ပစ်သတ်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေက အဲ့ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး သေဆုံးသူဟာ PDF တပ်ဖွဲ့ဝင်လို့ စွပ်စွဲဖော် ပြတာတွေရှိပေမယ့် ဂန့်ဂေါမြို့ခံတွေက မှားယွင်းစွပ်စွဲမှုသာဖြစ်တယ်လို့ ပြောပါတယ်။
သေဆုံးသူလူငယ်ဟာ ချင်းပြည်နယ်၊ တိန်စီးကျေးရွာက လူငယ်တဦးဖြစ်ပြီး ဂန့်ဂေါမြို့ပေါ်က သူ့အဒေါ်ဆီ ခဏတာလာရောက်လည်ပတ်ချိိန်မှာ အခုလို ပစ်သတ်ခံရတာဖြစ်တယ်လို့ မြို့ခံတဦးကပြောပါတယ်။
” PDF က တယောက်ထဲသူတို့ဂိတ်ကိုဖြတ်မလားဗျာကြံကြံဖန်ဖန်၊ကလေးကရွာဘက်ကလာတဲ့သူဆိုတော့ အကြောင်းမသိလို့ ခံရရှာတယ်လို့ပဲပြောရမှာပေါ့” လို့ မြို့ခံတဦးကပြောပါတယ်။
အဲ့ဒီ လူငယ် ပစ်သတ် ခံခဲ့ရတဲ့ ဒီဇင်ဘာ ( ၁၅) ရက် မနက်ပိုင်းက မျက်နှာမှာပဝါစည်းထားပြီး လက်ပြန်ကြိုး တုပ်ခံထားရတဲ့ အမျိုးသားရုပ်အလောင်းတလောင်း ဂန့်ဂေါမြို့ မိုးကောင်းသုဿန်အောက်ဘက်က မြစ်သာ မြစ်ထဲမှာ တွေ့ရတဲ့ဖြစ်စဉ်လည်းရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီရုပ်အလောင်းကိုတော့ ဘယ်သူဆိုတာ မြို့ခံတွေအတည်မပြုနိုင်သေးပါဘူး။ရုပ်အလောင်းကို ဒေသခံ တွေက ဆယ်ယူပြီး မီးသဂြိုလ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ဂန့်ဂေါမြို့တောင်ဘက် မြစ်သာမြစ်ကူးတံတားအောက်ဘက် ယာခင်းထဲမှာလည်း စစ်ကောင်စီက ဖမ်းခေါ်သွားပြီး ပစ်သတ်ခဲ့တဲ့ ဆယ်ကျော်သက် လူငယ် ရုပ်အလောင်း တလောင်းကို ဒီဇင်ဘာ(၁၄)ရက်မှာ ဒေသခံတွေ တွေ့ခဲ့ကြရပါ သေးတယ်။