စစ်တပ်က ကန့်ဘလူနဲ့ တန့်ဆည်ကကျေးရွာတွေအပြင် တရုတ်ပိုင်ဝါဂွမ်းစက်ရုံကိုပါမီးရှို့

စစ်ကောင်စီလက်အောက်ခံ ခမရ – ၃၆၈ စစ်ကြောင်းဟာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူနဲ့ တန့်ဆည်မြို့နယ် တွေက‌ ကျေးရွာခြောက်ရွာအပြင် တရုတ်ပိုင် ဝါဂွမ်းစက်ရုံကိုပါ နှစ်ရက်အတွင်းမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့ကပြောပါတယ်။

ကန့်ဘလူမြို့နယ်အရှေ့ခြမ်း ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာ လမ်းဘေးကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ အင်အား (၁၅၀)ဝန်းကျင် ပါ အဲ့ဒီစစ်ကြောင်းဟာ ဒီဇင်ဘာ ၇ ရက်ကစပြီး လက်ပံပင်ပြန့်တဲတိုက်ဘက်က တဲ အိမ် တွေကိုမီးရှို့ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဒီဇင်ဘာ (၁၄)ရက် နဲ့ (၁၅) ရက် တွေမှာ လွှဲဆိပ်၊ ဘော၊ လက်ခုပ်ကုန်းကျေးရွာတွေအပြင် တရုတ် ပိုင် ဝါဂွမ်းစက်ရုံကိုလည်း ဆက်လက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ကန့်ဘလူမြို့နယ်တွင်းမှာစစ်တပ်က ဒီဇင်ဘာ ပထမပတ်ကနေစတင်ပြီး ရွာစဉ်ဆက်မီးရှို့မှုတွေကြောင့် မီးဘေး သင့် ကျေးရွာတွေအပါအဝင် အနီးဝန်းကျင် ဆယ်ရွာကျော်က ဒေသခံသောင်းချီ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အဝတ်အထည်အကူအညီတွေလိုအပ်နေတယ်လို့လည်း သိရပါတယ်။

“ကိုးတောင်ဘို့တိုက်နယ်ကတော့ အိမ်မပြန်ရဘူးဗျ၊ တောထဲနေရတာများပါတယ်၊ NUG လက်အောက် ကနေ သွားနေတဲ့ ပကဖနဲ့ ပအဖတွေက နိုင်သမျှအကုန်ကူညီထောက်ပံ့မှုတွေတော့ရှိပါတယ်” လို့ ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

ကန့်ဘလူမြို့နယ်ထဲမှာ မီးရှို့ခံရတဲ့ကျေးရွာတွေနေရာအနှံ့ရှိနေတာကြောင့် စစ်ဘေးရှောင်တွေအတွက် ကူညီ ထောက်ပံ့မှုအလုံအလောက်မပေးနိုင်ဘဲ အမြဲအလှူခံပြီးဝေမျှနေရတယ်လို့လည်း ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးချိန်ကစလို့ အခုနှစ်နိုဝင်ဘာ လကုန်အထိ စစ်ကောင်စီလက်အောက်ခံတွေရဲ့ မီးရှို့ဖျက် ဆီးမှု ကြောင့် စစ်ကိုင်းတိုင်းထဲက နေအိမ် ၂၇,၄၉၆ လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး ကန့်ဘလူမြို့နယ်ကတော့ နေအိမ် ၂,၂၀၀ ထက်မနည်းပါဝင်ခဲ့တယ်လို့ Data For Myanmar ရဲ့ အချက်အလက်တွေကဖော်ပြပါတယ်။