အီရန်နိုင်ငံက အမျိုးသား တဦးကို ကမ္ဘာ့ အပုဆုံး လူသားအဖြစ် ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်း အဖွဲ့က အသိအမှတ် ပြုလိုက်ပါတယ်။
အသက် ၂၀ အရွယ် ရှိပြီဖြစ်တဲ့ အက်ဖ်ရှင် အက်စ်မေးလ် ဂါဒါဇာဒါးဟာ အရပ် ၂ ပေနဲ့ ၁.၆ လက်မသာ မြင့်ပါတယ်။ ဂင်းနစ် ကမ္ဘာ့မှတ်တမ်း အဖွဲ့က ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ဆီ ဂါဒါဇာဒါးကို ဖိတ်ခေါ်ခဲ့ပြီး သေသေချာချာ တိုင်းတာမှုတွေ ပြုလုပ်ခဲ့တဲ့နောက် ကမ္ဘာ့စံချိန်သစ်ကို အသိအမှတ် ပြုခဲ့တာပါ။
အစောပိုင်းမှာ ဂင်းနစ်က ဂါဒါဇာဒါးကို ကမ္ဘာ့စံချိန်အတွက် ချက်ချင်း အသိအမှတ်ပြုဖို့ ငြင်းဆိုခဲ့သလို အရပ်တိုင်းတာမှုတွေကို အကြိမ်ကြိမ် ပြန်လည် ဆန်းစစ်ခဲ့ပါတယ်။ အခုအခါမှာတော့ ဂါဒါဇာဒါးဟာ ကမ္ဘာ့ အရပ်အပုဆုံး စံချိန်အတွင် ခြွင်းချက်မရှိ ထိုက်တန်သွားပြီလို့ ဂင်းနစ်က ထုတ်ပြန်ပါတယ်။
သူကလည်း ဂင်းနစ်ရဲ့ မိသားစုဝင် တစ်ဦး ဖြစ်လာခွင့် ရတဲ့အပေါ် အရမ်းဂုဏ်ယူမိကြောင်း၊ သူ့အတွက်တော့ အိပ်မက် ဆန်လွန်းပြီး အခုထိ မယုံနိုင်အောင် ဖြစ်နေမိကြောင်း ဂါဒါဇာဒါးက ပြောပါတယ်။
ဂါဒါးဇာဒါးဟာ ငယ်စဉ်ကတည်းက ကျန်းမာရေး ပြဿနာ တစ်ခုကြောင့် ပုံမှန်ကြီးထွားမှု မရှိခဲ့သလို မိသားစု အခြေအနေကြောင့် သေချာ ဆေးကုသမှု မခံယူခဲ့ရပါဘူး။ အီရန်ပိုင် အနောက်အဇာဘိုင်ဂျန် ဒေသမှာ နေထိုင်တဲ့ လူငယ်လေးဟာ Tom & Jerry ကာတွန်း ကြည့်ရတာ၊ ကခုန်ရတာ၊ ဘောလုံးပွဲ အားပေးရတာ ဝါသနာ ထုံသူပါ။ ဂင်းနစ် မှတ်တမ်းဝင် ဖြစ်လာတဲ့နောက် သူဟာ နာမည်ကြီးပြီး ပရိသတ် တိုးပွားလာတယ်လို့ ဂါဒါဇာဒါးက ဆိုပါတယ်။
ဒါပေမဲ့လည်း အရပ်အရမ်း ပုနေတဲ့အတွက် ဘဝမှာ မလိုလားစရာ စိန်ခေါ်မှုတွေနဲ့လည်း ကြုံနေရပါတယ်။ သူနေထိုင်ရာ ဒေသမှာ ဂါဒါဇာဒါးကို အလုပ်ခန့်မယ့်သူတောင် မရှိဘူးလို့ ဖခင်ဖြစ်သူက ပြောပြပါတယ်။ ဂါဒါဇာဒါးဟာ ကျောင်းလည်း ဆက်မတက်ဖြစ်ခဲ့ဘဲ အခုမှ ကိုယ့်နာမည်ကိုယ် ရေးဖို့ကိုတောင် သင်ယူနေရဆဲ ဖြစ်ပါတယ်။
သူကတော့ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် မိဘတွေကို ကူညီလုပ်ကျွေးချင်ကြောင်း၊ ကမ္ဘာသိ စံချိန်ရှင်တစ်ဦး ဖြစ်လာခြင်းက အဲဒီရည်မှန်းချက်အတွက် အထောက်အကူ ဖြစ်စေဖို့ မျှော်လင့်ကြောင်း ဂါဒါဇာဒါးက ဂင်းနစ် အဖွဲ့ကို ပြောကြားသွားပါတယ်။