ကားတိုက်မှုအတွက် လျော်ကြေးတောင်းရာက ဓားခုတ်ခံရလို့ သားအမိနှစ်ဦး ပြင်းထန်ဒဏ်ရာရ

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့၊ လောပိတမှာ ကားတိုက်မှုအတွက် လျော်ကြေးတောင်းရာက ကားပိုင်ရှင်က ဓားနဲ့ခုတ်လို့ လျော်ကြေးတောင်းတဲ့ သားအမိနှစ်ဦး ပြင်းထန်ဒဏ်ရာရပြီး ဆေးကုသမှုခံယူနေရတယ်လို့ ရွှေလွိုင်ကော် ပရဟိတအသင်းဆီက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း လောပိတမြို့ ရှမ်းရွာမှာ ကားနဲ့ဆိုင်ကယ်တိုက်မှုဖြစ်ခဲ့ပြီး အဲ့ဒီဖြစ်စဉ်အတွက် လျော်ကြေးမရလို့ ဒီဇင်ဘာ (၁၄) ရက် မနေ့က ကားပိုင်ရှင်ဆီ လျော်ကြေးသွားတောင်ရာက ဓားခုတ်မှုဖြစ်ခဲ့တာလို့ သိရပါတယ်။

“ကားပိုင်ရှင်နဲ့ အပြန်အလှန် ပြောတောင်းတာ မရတော့ စကားများတယ်၊ ကားပိုင်ရှင်က ဓားနဲ့ခုတ်ခဲ့တာပေါ့၊ သားအမိနှစ်ယောက်စလုံးကို လောပိတတိုက်နယ်ဆေးရုံ အရင်ပို့တယ်၊ ဒဏ်ရာပြင်းတော့ လွိုင်ကော်ကို ထပ်လွဲခဲ့ရတယ်” လို့ ရွှေလွိုင်ကော် ပရဟိတအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

ဓားခုတ်ခံရတဲ့ သားအမိနှစ်ဦးအနက် အမေဖြစ်သူဟာ အသက် (၅၅) နှစ်အရွယ် ဒေါ်နန်းအောင်ဟာ ဘယ်ဘက် လက်ကောက်ဝတ် ပြတ်ထွက်ကာ စိုးရိမ်ရ ဒဏ်ရာရခဲ့ပြီး သားဖြစ်တဲ့ (၁၉) နှစ်အရွယ် မောင်စိုင်းထက်ကျော်ကတော့ ဦးခေါင်းနောက်စေ့နဲ့ မျက်ခုံးတို့မှာ ပြတ်ရှဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။

“အမေဖြစ်သူကတော့ သွေးထွက်လွန်ထားတော့ အခြေအနေ ကြည့်နေရတယ်၊ သားဖြစ်သူက ခေါင်းထိထားတာဆိုတော့ မပြောတော့ဘူး၊ နှစ်ယောက်စလုံး အခြေအနေက စိုးရိမ်နေရတယ်” လို့ ဓားခုတ်ခံရတဲ့ သားအမိနှစ်ဦး မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။