မတ္တရာမှာ ရွာတွေကို မီးရှို့နေတဲ့ စစ်အုပ်စုယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ခဲ့တဲ့ စစ်အုပ်စုယာဉ်တန်းကို ဒီကနေ့ နေ့လယ်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မတ္တရာမြို့နယ် အရှေ့ခြမ်း လမိုင်းကျေးရွာအုပ်စု တောတဲတိုက်များရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ပြန်လာတဲ့ ကားလေးစီးပါ စစ်ယာဥ်တန်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ကျဆုံးမှုတွေ ရှိနိုင်တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုပါတယ်။

“မတ္တရာ- မန္တလေး- စဉ်ကူး သွားကားလမ်းပေါ်မှာ စစ်အုပ်စုကားတွေ ဖောက်ခွဲခံရလေ့ရှိတယ်၊ ကျွန်တော်တို့ မြို့ပတ်လည်ကရွာတွေကို စစ်တပ်က အကြောင်းမဲ့ ပတ်မီးရှို့နေတာပါ၊ တချို့ရွာကလူတွေဆို ရှောင်နေရတဲ့ ရွာသားတွေတောင်ရှိပါတယ် ” လို မတ္တရာမြို့ခံတဦးက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုရာမှာ ပစ်မှတ်ထားတဲ့ စစ်အုပ်စုယာဥ်တန်းက စက်လက်ပါကားတစီးကို တိုက်ရိုက်ထိမှန်ခဲ့ပြီး အဲ့ဒီကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးဝန်းကျင် ထိခိုက်ကျဆုံးနိုင်တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရအပြီးမှာ စစ်အုပ်စုက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး တိုက်ခိုက်မှုလုပ်ခဲ့တဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို သိရပါတယ်။

မတ္တရာမြို့ အနီးဝန်းကျင်က ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးပြီး နေအိမ်တွေမီးရှို့တာ၊ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်နေသလို မြို့အနောက်ဘက်က ဧရာဝတီမြစ်ကမ်းဘေးရွာတွေကို အဓိကဦးတည် ဖိနှိပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့ပတ်ဝန်းကျင်အနီးက ရွာတွေမှာ စစ်အုပ်စုနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေကြား မကြာခဏဆိုသလို တိုက်ပွဲငယ်တွေ ဖြစ်နေတယ်လို့လည်း မြို့ခံတွေက ပြောကြပါတယ်။