စစ်ကောင်စီ ဖမ်းဆီးထားတဲ့ မန္တလေးတိုင်း ဝန်ကြီးနဲ့ မြို့‌တော်ဝန် ထောင်တွင်း ဆေးဝါးကုသမှုခံနေရ

အမျိုးသားဒီမိုကရေစီအစိုးရ လက်ထက်က မန္တလေးဝန်ကြီးချူပ် ဒေါက်တာဇော်မြင့်မောင်နဲ့ မြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင်တို့ဟာ ကျန်းမာရေး အခြေအနေကြောင့် ဆေးဝါကုသမှုခံယူနေရတယ်လို့ တရားရေး အသိုင်းအဝိုင်းက သိရပါတယ်။

အိုးဘိုအကျဥ်းထောင်တွင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါက်တာ ဇော်မြင့်မောင်က ကင်ဆာရောဂါ ကြောင့် ဆေးကုသမှု ခံယူရတာဖြစ်သလို ဒေါက်တာရဲလွင်ကလည်း ဆီးချိုရောဂါ ခံစားနေရတာကြောင့် ဆေးကုသမှုခံနေရတယ်လို့ သိရပါတယ်။

” ဆရာဇော်နဲ့ ဆရာရဲ နေမကောင်းဘူးဆိုတာ ဟုတ်တယ်။ ဆရာဇော် ဆေးရုံတက်လိုက်ရတယ်လို့ ကြားတယ် ” လို့ တရားရေးနဲ့ နီးစပ်သူ တဦးက DNA ကို အတည်ပြုပြောပါတယ်။

ဒေါက်တာဇော်မြင့်မောင်က ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ပြင်ပဆေးရုံကြီးတစ်ခုမှာ အရိုးကင်ဆာ သံသယနဲ့ စစ်ဆေး၊ ဆေးသွင်းခြင်းကို တရက်တည်း အပြီးလုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

အလားတူပဲ မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်ဟာလည်း ဆီးချိုရောဂါ ခံစားနေရတဲ့အတွက် အကျဉ်းထောင်တွင်းမှာ ဆေးကုသနေရတယ်လို့ သိရပါတယ်။

​မြို့တော်ဝန်ဟောင်းက အိုးဘိုထောင်ထဲမှာ စစ်အုပ်စုရဲ့ စည်ပင်က တရားလိုလုပ် စွဲဆိုထားတဲ့ ရာဇသတ်ကြီး ပုဒ်မ ၄၀၉ အတွက် အမှုဆိုင်ရင် ဖမ်းဆီးခံထားရတာပါ။

ဒါ့အပြင် ဒေါက်တာဇော်မြင့်မောင်ကို ယခင်က နှစ်ပတ်တကြိမ် ပေးဖို့ခွင့်ပြုထားတဲ့ ထောင်ဝင်စာကို စစ်အုပ်စုက ဒီလဆန်းပိုင်းကစပြီး ပမာဏတွေ လျော့ချကန့်သတ်လိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

” အရင်က ၂ ထုပ်ပို့ရင် အခု တစ်ထုပ်ပဲ လက်ခံတော့တဲ့ သဘောပါ။ တကယ်က ဆရာဇော်က သူ့ဆီလာတဲ့ ထောင်ဝင်စာကို အထဲမှာ အခြားလူတွေကို မျှသုံးတာလုပ်တယ်။ အခုတော့ မရတော့ဘူးပေါ့ ” လို့ သူကပြောပါတယ်။

အာဏသိမ်းပြီးနောက် စစ်ကောင်စီက ရွေးကောင်ပွဲ အနိုင်ရ NLD ပါတီရဲ့ ဒုတိယဥက္ကဌတဦးဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ကို ချက်ချင်းဖမ်းဆီးကာ အမှု ၁၀ မှုနဲ့ တရားစွဲဆိုခဲ့တာပါ။ အဲဒီအမှုတွေအတွက်လည်း ထောင်ဒဏ် နှစ် ၃၀ ခန့်အထိ အမိန့်ချမှတ်ထားတယ်လို့ သိရပါတယ်။