နမ့်ဆန် ကုန်းသာရွာ တိုက်ပွဲမှာ စစ်ကောင်စီအလောင်း ၁၅ လောင်းတွေ့ထား

အာဏာသိမ်းစစ်တပ်နဲ့ TNLA တိုင်းရင်းသားလက်နက်ကိုင်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နမ့်ဆန်ကုန်းသာရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၁၅ လောင်းခန့်ရထားပြီး ၂ ဦးအရှင် ဖမ်းမိထားတယ်လို့ ဒေသခံတဦးက DNA ကိုအတည်ပြုပြောပါတယ်။

မနေ့က ဒီဇင်ဘာလ ၁၄ ရက်နေ့အထိ ကုန်းသာရွာကို စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားပြီးတဲ့နောက် ဒေသခံတွေ ရှင်းလင်းရေးလုပ်ရာမှာ အခုလိုတွေ့ရှိတာဖြစ်ပြီး မီးရှို့ထားတဲ့ အရိုးတွေလည်း တွေ့ရတယ်လို သူကပြောပါတယ်။

” ကျနော်တို့ သိရသလောက်တော့ စစ်တပ်က အလောင်း ၁၅ လောင်းခန့်နဲ့ ၂ ဦးအရှင်ဖမ်းမိထားတယ်လို့ သိရတယ်။ တိုက်ပွဲမှာ ဒဏ်ရာရသွားတဲ့သူကို သူတို့ထားခဲ့လို ဖမ်းမိထားတာပါ ” လို့သူကပြောပါတယ်။

ကုန်းသာရွာကို စစ်ကောင်စီက တပ်စွဲထားချိန် ရွာထဲက အဖိုးတန် လက်ဝတ်ရတနာတွေနဲ့ ငွေကြေးတွေကို ယူဆောင်သွားသလို ရွာကိုလည်း မီးရှို့သွားတယ်လို့ သူကပြောပါတယ်။

” ရွာသားတွေကတော့ ရွာထဲပြန်မနေကြသေးပါဘူး။ နေလိုလည်းမရတော့ဘူး သူတို့အိမ်တွေ အကုန်ပျက်ဆီးသွားတယ်” လို့ဆက်ပြောပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့က ၁၃ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ ကုန်းသာရွာက နေအိမ် ၃၆ လုံးပျက်စီးကာ နေအိမ် ၉ လုံး မီးလောင်ပျက်စီးသွားခဲ့ပါတယ်။