ပြင်သစ်ကို ရှုံးနိမ့်ခဲ့ပေမယ့် ဂုဏ်ငယ်စရာ မရှိဘူးလို့ မော်ရိုကို နည်းပြချုပ်ပြော

အကြိုဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့ရပေမယ့် မော်ရိုကိုအတွက် ကြေကွဲစရာ မရှိဘဲ ဂုဏ်ယူရမှာ ဖြစ်တယ်လို့ အသင်းရဲ့ နည်းပြချုပ် ဝါလစ်ဒ် ရီဂရာဂူက ပြောကြားသွားပါတယ်။

 

မော်ရိုကို အသင်းဟာ အခုနှစ် ကမ္ဘာ့ဖလားမှာ အရမ်း အစွမ်းထက်တဲ့ ဖျက်မြင်းတစ်သင်း ဖြစ်လာပြီး နာမည်ကြီးတွေဖြစ်တဲ့ ဘယ်လ်ဂျီယမ်၊ စပိန်နဲ့ ပေါ်တူဂီတို့ကို ဆက်တိုက်ဖြိုပြီး အကြိုဗိုလ်လုပွဲ အဆင့်ထိ တက်ရောက်လာခဲ့ပါတယ်။ ဒါဟာ အာဖရိက နိုင်ငံတစ်ခု အနေနဲ့ရော၊ အာရပ်နိုင်ငံ တစ်ခုအနေနဲ့ပါ ကမ္ဘာ့ဖလားမှာ အမြင့်ဆုံး အဆင့်ထိ ရောက်ရှိလာတဲ့ မှတ်တမ်းသစ်ပါပဲ။

 

အကြိုဗိုလ်လုပွဲမှာ လက်ရှိ ချန်ပီယံ ပြင်သစ်နဲ့ ရင်ဆိုင်ရတဲ့ အခါမှာတော့​ မော်ရိုကို ကစားသမားတွေ အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် စုဖွဲ့မှုရော၊ အတွေ့အကြုံပိုင်းပါ သာလွန်တဲ့ ပြင်သစ်က ၂-၀ နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပွဲအပြီး အင်တာဗျူးမှာတော့ ဝါလစ်ဒ်က သူ့အသင်းဟာ မော်ရိုကိုမှာလည်း ဘောလုံးပညာ ထွန်းကား အားကောင်းတယ်ဆိုတာ တစ်ကမ္ဘာလုံးသိအောင် လက်တွေ့ ပြသနိုင်ခဲ့တယ်လို့ ချီးကျူးသွားပါတယ်။

 

သူတို့ တစ်သင်းလုံးဟာ အစွမ်းရှိသမျှ မခြွင်းမချန် အားသွန်ခွန်စိုက် ပေးဆပ်ခဲ့ကြောင်း၊ ဒီပွဲ ရှုံးသွားရုံနဲ့တော့ အရင်က မော်ရိုကို လုပ်ပြခဲ့တာတွေက ပျက်ပြယ်သွားမှာ မဟုတ်ကြောင်း၊ အသင်းအတွက် ခြွင်းချက်မရှိ ဂုဏ်ယူကြောင်း နည်းပြချုပ်က ဆိုပါတယ်။

 

မော်ရိုကို ပရိသတ်တွေကလည်း ရှုံးပွဲတွေ့သွားတဲ့ အသင်းအတွက် ဝမ်းနည်းပေမယ့် သောင်းသောင်းဖြဖြ ချီးကျူး အားပေးခဲ့ကြတာ တွေ့ရပါတယ်။

 

မော်ရိုကို အသင်းဟာ ကမ္ဘာ့ဖလား တတိယ နေရာလုပွဲအဖြစ် ခရိုအေးရှားနဲ့ ယှဉ်ပြိုင်ရဦးမှာဖြစ်ပြီး ကမ္ဘာ့ဖလားမှာ တတိယ ရဖူးတဲ့ ပထမဆုံး အာဖရိကအသင်း၊ အာရပ်အသင်း အနေနဲ့ ရပ်တည်နိုင်မလား ဆိုတာကို ဆက်ပြီး စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။