စစ်ကိုင်း၊ ကြွယ်ပုံရွာက စစ်တပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ် တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က အနီးဝန်းကျင်ရွာတွေက သီးနှံရိတ်တဲ့ ပြည်သူတွေကို ပစ်ခတ်တာတွေလုပ်လို့ ကာကွယ်ရေးတပ်တွေက ပြန်လည်ပစ်ခတ်ရာက ဒီဇင်ဘာ (၁၂) ရက်မှာ နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း ပျူစောထီးနဲ့ စစ်ကောင်စီတပ်တွေ အကျအဆုံးများတယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ တိုက်နယ်စွန် PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ DNA အနေနဲ့တော့ တိုက်ပွဲအတွင်း နှစ်ဘက် ထိခိုက်မှု အခြေအနေတွေကို သီးခြားအတည်မပြုနိုင်သေးပါဘူး။

တိုက်နယ်စွန် PDF တပ်ဖွဲ့ကတော့ အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ ပျူစောထီးတွေ ထိခိုက်သူများလို့ ကြွယ်ပုံရွာကနေ ကားတွေနဲ့ ဗိုလ်တဲကုန်းရွာကိုပို့ပြီး အဲ့ဒီကတဆင့် လူနာတင်ကားတွေနဲ့ ဆေးရုံ ကိုပို့တယ်လို့ မျက်မြင်ဒေသခံတွေကို ကိုးကားပြီး ပြောပါတယ်။

ဒေသခံတွေက ပျူရွာအဖြစ်သတ်မှတ်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း တပ်စွဲနေထိုင်တဲ့ ကြွယ်ပုံရွာကနေ လက်ရှိသီးနှံရိတ်သိမ်းကာလ အနီးဝန်းကျင်ရွာတွေက သီးနှံရိတ်နေတဲ့ ဒေသခံတွေကို ပစ်ခတ်တိုက်ခိုက်တတ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက လုံခြုံရေးယူပေးနေရတယ်လို့ ဆိုပါတယ်။

စစ်တပ်က အထိနာပြီး ကာကွယ်ရေးတပ်တွေဘက်က အကျအဆုံးမရှိဘူးလို့ဆိုတဲ့ ဒီဇင်ဘာ (၁၂) ရက်က တိုက်ပွဲမှာ စစ်တပ်က လေကြောင်းကနေ ကင်းထောက်ပျံသန်းတာတွေလည်း လုပ်ခဲ့တယ်လို့ဆိုပါတယ်။

လက်ရှိ ဒီကနေ့ညနေပိုင်းအထိ ကြွယ်ပုံရွာထဲမှာ စစ်ကောင်စီတပ်သားတွေရှိနေပြီး အင်အားဖြည့်တင်းတာတွေ ပြုလုပ်နေတဲ့အတွက် တိုက်ပွဲတွေ ဆက်ဖြစ်နိုင်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။