ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းဒေသကို မနေ့ ဒီဇင်ဘာလ ၁၃ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ဒေသခံစစ်ရှောင်အမျိုးသားတဦး သေဆုံးခဲ့ရတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူက ပြောပါတယ်။
နေ့လည် ၁၁ နာရီ ဝန်းကျင်မှာ စစ်ကောင်စီတပ်မှ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ဒေသခံစစ်ဘေးရှောင် အမျိုးသားတစ်ဦး သေဆုံးခဲ့ရတယ်လို့ စစ်ဘေးရှောင်အရေး လုပ်ဆောင်သူတွေထံက သိရပါတယ်။
“နေ့လည် ၁ နာရီဝန်းကျင်လောက် ရှိမယ်ပေါ့နော်။ ရွာထဲကို လက်နက်ကြီးကျတာ။ အဲ့ရွာသားကဆိုင်ကယ်ပေါ်မှာ ထိုင်နေတာပေါ့။ လူငယ်အသက်လတ်ပိုင်းလောက် အရွယ်ပဲ။ လက်နက်ကြီးတစ်လုံး လမ်းပေါ်ကျတော့ လာစင်တာ။ ရင်ဘတ်မှာ လက်နက်ကြီးအစ ဝင်သွားတယ်။ ကျွန်တော့်ဆီလာတဲ့ လမ်းမှာကတည်းက အသက်မရှိတော့ဘူး’’ လို့ စစ်ရှောင်တွေကို ကူညီကုသပေးနေတဲ့ ဆရာဝန်တဦးက DNA ကိုပြောပါတယ်။
အခုသေဆုံးရတဲ့ ဒေသခံ စစ်ရှောင်ပြည်သူ လက်နက်ကြီးမှန်ချိန်ဟာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေချိန်မဟုတ်ဘဲ စစ်တပ်ဘက်က ရမ်းသမ်းပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) တာဝန်ခံကလည်း ဆိုပါတယ်။
“ရမ်းသမ်းပြီးတော့ ပစ်လိုက်တဲ့ပုံစံမျိုး တွေ့လိုက်တယ်။ စစ်ပွဲမဖြစ်ပဲနဲ့ တဖတ်သက် လက်နက်ကြီးပစ်ခတ်တဲ့ ပုံစံမျိုးပါပဲ’’ လို့ DNA ကိုပြောပါတယ်။
အဲဒီနေ့ညပိုင်းမှာပဲ ဒီးမော့ဆိုမြို့ အရှေ့ဘက်မှာရှိတဲ့ ဒေါက်ခလိုင်လင်နဲ့ ဘက်တလင်ကျေးရွာအနီးတဝိုက်ကို စစ်ကောင်စီတပ်မှ လက်နက်ကြီးနဲ့ ဆက်ပစ်ခတ်နေခဲ့တယ်လို့ ဆိုပါတယ်။
အခု ဒီဇင်ဘာလထဲမှာတော့ စစ်တပ်ဘက်က အကြောင်းမဲ့ပစ်ခတ်မှုကြောင့် အခုလို သေဆုံးရသူအပါအဝင် လက်နက်ကြီးထိမှန်လို့ ဒဏ်ရာရတဲ့ ဒေသခံပြည်သူ ၄ ဦးအထိ ရှိခဲ့တယ်လို့ ကရင်နီစစ်ဘေးရှောင်များကို ကျန်းမာရေး စောင့်ရှောက်ပေးနေတဲ့ နွေဦးဂရုလေးများအဖွဲ့ရဲ့ ပြောပြချက်အရသိရပါတယ်။
ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက စစ်တပ်ဘက်က ပစ်ခတ်မှုနဲ့ မြေမြှပ်မိုင်းတွေကြောင့် သေဆုံးရတဲ့ အရပ်သား ၃၀၀ ကျော်အထိ ရှိနေပြီလို့လည်း ကရင်နီ လူမှုအဖွဲ့အစည်းတွေက ထုတ်ပြန်ပြောဆိုထားပါတယ်။