မြောင်ကရွာရှစ်ရွာအရေးပေါ်ထွက်ပြေးတိမ်း ရှောင်နေရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စစ်ကောင်စီတပ်တွေက ရွာတွေကိုစစ်ကြောင်းထိုးမီးရှို့နေလို့ ရွာရှစ်ရွာလောက် အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာတွေလိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ မြောင်မြို့နယ်ကျေးရွာတွေကို ဝင်လိုက်ထွက်လိုက်လုပ်နေရာက ဒီဇင်ဘာ ၁၁ ရက်ကစပြီး ရွာစဉ်အလိုက် နေအိမ်မီးရှို့တာတွေ ပြန်လုပ်လာလို့ လှေတင်ဦး၊ ကတို့ကုန်း၊ ဆွဲလွဲအို၊ နဘတ်၊ ပေါက်တော၊ ကျောက်ဖူးကုန်း၊ ဘိုးမြတ်သာ၊ ကသစ်ကုန်း ရွာက ကျေးရွာတွေ ထွက်ပြေးတိမ်း ရှောင်နေရတာပါ။

“အခု လက်ခံထားတဲ့ရွာတွေက စားရေးသောက်ရေးက များတော့ အဲ့လောက်မရှိတော့ဘူးပေါ့ဗျာ၊ အရင်ကဆို လာလို့ရှိရင် ရွာထဲမှာ ဆန်တို့ ဆီတို့ လိုက်ခွဲပြီးတော့ ချက်ကျွေးရတယ်၊ အခုက အဲ့လိုခွဲဖို့ကလည်း အဆင်မပြေတော့ဘူး” လို့ စစ်ဘေးရှောင်တွေကိုကူညီနေတဲ့ ကိုနွေဦး-မြောင်က DNA ကိုပြောပါတယ်။

မြောင်မြို့နယ်ထဲကစစ်ရှောင်တွေဟာ နေရာတခုမှာ လူဦး သုံးရာ၊ လေးရာ ဝန်းကျင်လောက်ရှိနေပြီး စစ်ရှောင်တွေစုဝေးနေထိုင်တဲ့ နေရာသုံးလေးခုလောက်ရှိကြကာ အနီးအနားကျေးရွာတွေက ဘုန်းကြီး ကျောင်း၊ စာသင်ကျောင်းနဲ့ တချို့ကတော့ တောထဲကသစ်ပင်တွေအောက်မှာပဲ နေနေကြရတယ်လို့ ဆိုပါတယ်။

အခုအချိန်မှာတော့ စစ်ကောင်စီတပ်တွေက ဖွားစောနဲ့ ဆွဲလွဲအိုကျေးရွာတွေကိုဝင်ရောက်နေပြီး လှေတင်ဦးမှာရှိခဲ့တဲ့စစ်ကြောင်းကတော့ မြောင်မြို့ထဲကိုပြန်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့မီးရှို့ဖျက်ဆီးမှုကြောင့် စစ်ကိုင်းတိုင်းထဲက နေအိမ် ၂၇,၄၉၆ လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး မီးရှို့ခံရတဲ့ ကျေးရွာအနီးတဝိုက်ကပြည်သူတွေလည်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ၊ အဝတ်အထည်နဲ့ နေရာထိုင်ခင်း အခက်အခဲတွေ ကြုံတွေ့နေရတာဖြစ်ပါတယ်။