ပုလောမြို့ပေါ်က စစ်တပ်တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေး အင်အားတိုးထားတယ်လို့ဆို

တင်္နသာရီတိုင်း၊ ပုလောမြို့နယ်က မြို့ပေါ်နေရာ တချို့နဲ့ စစ်ကောင်စီလုံခြုံရေးဂိတ်စခန်းတွေ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက မြို့ပေါ်မှာ လုံခြုံရေးအင်အားအများအပြားတိုးချထားတယ်လို့ ပုလောမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်က စပြီး ပုလောမြို့မှာ မြို့ နယ်ခန်းမအပါအဝင် စစ်ကောင်စီလုံခြုံရေးစခန်းတွေရှိတဲ့ နန်းတောင်၊ တစ်မိုင်းတောင်၊ ပုလောကုန်း နေရာတွေအပြင် ပဝတ်ကုန်းစခန်း၊ မကျည်းကုန်း စခန်းနဲ့ တို့ရွာ စတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေ စခန်းချ ထားတဲ့နေရာတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။

အဲဒီလိုတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီဘက်က ပုလောမြို့နယ်အတွင်းမှာရှိတဲ့ ပျူစောထီးတွေနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်ကို ခေါ်ယူပြီး မြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့အတူလုံခြုံရေးတာဝန်ချထားတာကြောင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အချိန်မရွေးတိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့ ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  တာဝန်ရှိ သူတဦးကဆိုပါတယ်။

“သူတို့က ဘယ်လိုလည်းဆိုတော့ ကျန်တဲ့နေရာကို လွှတ်ပြီးတော့ ပုလောမြို့ကို ကာကွယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်၊ မြို့သိမ်းတိုက်ပွဲတို့ ဘာတို့လာလုပ်မှာစိုးလို့ သူတို့ကာကွယ်တဲ့အနေနဲ့ မြို့ထဲမှာ အင်အားလာ ဖြည့်ထားတယ်ပေါ့၊ တိုက်ပွဲကတော့ အချိန်မရွေး ဖြစ်လာနိုင်တယ်”လို့ သူကပြောပါတယ်။ 

လက်ရှိမှာ စစ်ရေးအခြေအနေငြိမ်နေသေးပေမယ့် ပုလောမြို့ပေါ်နဲ့ စစ်ကောင်စီက နယ်မြေစိုးမိုးထားတဲ့ဒေသ တွေမှာ နေ့ရောညပါ အဆက်မပြတ် ကင်းလှည့်တာတွေ လုပ်ဆောင်နေတဲ့အပြင် လမ်းသွားလမ်းလာပြည်သူတွေကို မသင်္ကာမှုနဲ့ မတရားဖမ်းဆီးစစ်ဆေး တာတွေလည်းရှိနေတယ်လို့ ဆိုပါ တယ်။

ဒီလိုနှစ်ဖက်စစ်ရေးတင်းမာနေတဲ့အခြေအနေတွေကြောင့် အခုလအတွင်းမှာပဲ ပုလာမြို့ပေါ်က ပြည်သူတချို့ အပါအဝင် ပဝတ်ကုန်း၊ ကဒဲရွာ၊ ပုလောကုန်း၊ တိုရွာ၊ နန်းအိမ်တောင်၊ တပို၊ ဇရပ်ဆိပ်၊ ကျောင်းနိမ့်၊ ထမင်းမစား၊ ပိတပ်၊ ခမောင်းတော၊ ဝက်တိုးရွာ စတဲ့ကျေးရွာတွေက ဒေသခံတွေ စုစုပေါင်း လူဦးရေ တသောင်းကျော်လောက် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စစ်ရှောင်တွေဟာ လွတ်မြောက်နယ်မြေနဲ့ စစ်ရှောင် စခန်းတွေမှာ ပြောင်းရွေ့နေထိုင်ကြသူတွေရှိသလို တချို့က တော့ နီးစပ်ရာဆွေမျိုးအိမ်တွေ၊ တောတောင်ဥယျာဉ်ခြံမြေ၊ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေထိုင်သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီလို နေရပ်စွန့်ခွာတိမ်းရှောင်လာတဲ့ စစ်ရှောင် ပြည်သူတွေအတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူအညီတွေလည်း လိုအပ်နေတယ်လို့ ပုလောပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ကပြောပါတယ်။