စစ်ကောင်စီလုပ်ပေးမယ့် ရခိုင်ပြည်နယ်နေ့ မလို လားကြောင်း ဒေသခံတွေပြော

ရခိုင်က အရပ်သားပြည်သူများစွာကို သတ်ဖြတ် ထားတဲ့ အာဏာသိမ်းစစ်ကောင်စီဟာ ရခိုင်ပြည်နယ် နေ့အခမ်းအနားကို တပြည်နယ်လုံးအတိုင်းအတာနဲ့ ကျင်းပဖို့ စီစဉ်နေပြီး ဒါဟာ ဟန်ပြလုပ်ပေးနေတာဖြစ်တယ်လို့ လူငယ်တွေ၊ စစ်ဘေး ဒုက္ခ သည်တွေနဲ့ ဒေသခံတွေက ဝေဖန်ကြပါတယ်။

လာမယ့် ဒီဇင်ဘာ ၁၅ ရက်မှာ ကျရောက်မယ့် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ရခိုင်ပြည်နယ် ၁၇ မြို့နယ်လုံးမှာ ပျော်ပွဲ၊ ရွှင်ပွဲတွေနဲ့ ကျင်းပသွားမှာဖြစ်ပြီး ပြည်နယ်မြို့တော် စစ်တွေမှာလည်း စတိတ်ရှိုးပွဲတွေ ပြုလုပ်သွားမယ် လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

“ရခိုင်က ကလေးတွေ၊ အရပ်သားတွေကို သတ်ထား ပြီးတော့မှ ဟန်ပြလုပ်ပေးတဲ့ အတုအယောင်ပွဲလို့ပဲ မြင်တယ်၊ တည်ငြိမ်အေးချမ်းနေတယ်၊ သူတို့ အုပ်ချုပ်မှုအောက်မှာ ရှိနေတယ်ဆိုပြီး ပြချင်တာပေ့ါ၊ တကယ်တော့ ရခိုင်က နေရာအများစုမှာ သူတို့ရဲ့ ယန္တရားတွေ အလုပ်မလုပ်တော့ပါဘူး”လို့ စစ်တွေမြို့ က ရခိုင်လူငယ်တဦးက ပြောပါ တယ်။ 

တနိုင်ငံလုံးအတိုင်းအတာနဲ့ ဒုက္ခရောက်နေကြချိန်၊ ရခိုင်ပြည်တွင်း စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာ  ပြတ်လပ်ကျပ်တည်းနေချိန်မှာ ဒီလို ပျော်ပွဲ၊ ရွှင်ပွဲတွေ ဖန်တီးဖို့ကြိုးစားတယ်ဆိုတာဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ ယုတ်ညံ့တဲ့ အကျင့်စရိုက်တွေ ပေါ် လွင်နေတယ်လို့လည်း သူက ဝေဖန်ပါတယ်။

 “စစ်ရှောင်တွေ၊ ဒုက္ခသည်တွေ ရခိုင်ပြည်မှာ အများကြီးဖြစ်သွားတယ်၊ စစ်ရှောင်အတွက်ကျတော့ ဘာမှမကြည့်ရှုဘဲ ပျော်ပွဲရွှင်တွေကိုကျ စည်စည်ကားကားလုပ်မယ်ဆိုတော့ အခုလုပ်မယ့်ပွဲကို ကျွန်တော်ကတော့ အပြုသဘော နဲ့ ရခိုင်တွေအပေါ် မေတ္တာ၊ စေတနာထားပြီးလုပ်တယ်လို့ မမြင်ဘူး”လို့ ပုဏ္ဏား ကျွန်းဒေသခံ စစ်ဘေးရှောင် ဦးသန်းကျော် က ပြောပါတယ်။

လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်အတွင်းမှာ စစ်ဘေးရှောင် ပြည်သူတစ်သိန်းကျော်ရှိနေပြီး စစ်ကောင်စီက အဲဒီ စစ်ဘေးဒုက္ခသည်တွေကို ရိက္ခာ မထောက်ပံ့တာ တစ်နှစ်နီးပါးရှိနေပါပြီ။ ဒါ့အပြင် စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့အစည်းတွေကိုလည်း ထောက်ပံ့ခွင့်မရအောင် ကန့်သတ်ထားတာ လနဲ့ချီ နေပြီဖြစ်တယ်လို့စစ်ရှောင်တွေနဲ့ စစ်ရှောင်တွေကို ကူညီနေတဲ့ အဖွဲ့အစည်းတွေက ပြောကြပါတယ်။ 

ရခိုင်တစ်ကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူပေါင်း ငါးဆယ်ဝန်းကျင်နဲ့ ထိခိုက် ဒဏ်ရာရသူ တရာကျော်အထိ ရှိတယ်လို့ ဒေသ တွင်း သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။ 

အဲ့ဒီလို ရခိုင်ဒေသတွင်း အကျပ်အတည်း တွေရှိနေချိန်၊ လက်ရှိမှာ အပစ်ရပ်ထားပေမယ့် စစ်ကောင်စီက စစ်ဘေးရှောင်ပြည်သူတွေကို‌ စားနပ်ရိက္ခာ ထောက်ပံ့ခွင့်မပြုသေးသလို ပိတ်ဆို့မှုတွေလည်း ဆက်လုပ်ပေမယ့် ရခိုင်ပြည်နေ့ကိုတော့ စည်စည်ကားကား ကျင်းပနိုင်ဖို့ ပြင်ဆင်နေတာပါ။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရလက်ထက် ၁၉၇၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ရခိုင်တိုင်းကနေ ရခိုင်ပြည်နယ်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ ပြီး အဲဒီနေ့ကို ရခိုင်ပြည်နယ်နေ့အဖြစ် ခေါ်တွင်လာခဲ့ကြတာဖြစ်ပါတယ်။ 

အဲဒီရခိုင်ပြည်နယ်နေ့ဆိုတာဟာလည်း နိုင်ငံရေး အနှစ်သာရမရှိတဲ့ နေ့တစ်နေ့သာဖြစ်တယ်လို့ ရခိုင်ဒေသခံ တွေက ထောက်ပြကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဒေသအသီးသီးမှာ အာ ဏာသိမ်းစစ်ကောင်စီက ဦးစီး ပြုလုပ်တဲ့ ပျော် ပွဲရွှင်ပွဲတွေ အပါအဝင် အစဉ်အဆက် ပြည်သူတွေ ပါဝင်ခဲ့ကြတဲ့ မိရိုးဖလာပွဲတော်တွေဟာ ပြည်သူ အများစုက ပူးပေါင်း ပါဝင်တာမရှိဘဲ သပိတ်မှောက် ခံရတဲ့အခြေအနေနဲ့ ကြုံတွေ့နေရတာပါ။

ဒါပေမယ့် ရခိုင်ပြည်နယ်တွင်းမှာတော့ အာဏာသိမ်းကာလအစောပိုင်း အပစ်ရပ်ကာလအတွင်း စစ်ကောင်စီနဲ့ AA တပ်ဖွဲ့တို့ကြား ဆက်ဆံရေး ကောင်းနေချိန်မှာ ကျင်းပတဲ့ ရိုးရာပွဲတော်တွေနဲ့ ပျော်ပွဲရွှင်ပွဲတွေဟာ စည်စည်ကား ကား ရှိခဲ့ပါတယ်။