စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲရွာက နေအိမ်သုံးလုံးကို စစ်တပ်နဲ့ပျူစောထီးက မီးရှို့၊ ပြောင်းရိတ်နေသူတွေကိုပစ်ခတ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် အနောက်ဘက်က ဒီပဲယင်းကွဲရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီးတွေက ဒီဇင်ဘာ (၁၂) ရက်မှာ ရောက်လာပြီး ရွာအစွန်က နေအိမ်သုံးလုံးကို မီးရှို့ဖျက်ဆီးကာ လယ်ကွင်းထဲ ပြောင်းရိတ်နေသူတွေကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေး အင်အားစုတွေဆီက သိရပါတယ်။

ဒီပဲယင်းကွဲရွာက နေအိမ်တချို့ကိုမီးရှို့ပြီး ပြောင်းရိတ်နေတဲ့ ဒေသခံတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့သူတွေဟာ ကြွယ်ပုံကျေးရွာက ပျူစောထီးတွေနဲ့ အဲဒီရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်က အဲ့ဒီလို မီးရှို့၊ ပစ်ခတ်မှုတွေလုပ်တာကြောင့် ဒေသတွင်း ကာကွယ်ရေးတပ်တွေကလည်း ပြန်လည်ပစ်ခတ်ခဲ့ပြီး နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်း ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ရင်း (၁၈) တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေဟာ မနေ့က မနက် (၁၁) နာရီဝန်းကျင်ကနေ ညနေငါးနာရီဝန်းကျင်အထိ အပြန်အလှန်ပစ်ခတ်ခဲ့ကြသလို ဒီကနေ့မနက်ပိုင်းမှာလည်း စစ်တပ်က ကြွယ်ပုံရွာထဲကနေ အနီးဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က ပစ်ခတ်မှုတွေနဲ့ နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း ထိခိုက်မှုအခြေအနေကိုတော့ အသေးစိတ် မသိရသေးပါဘူး။

ဒီပဲယင်းကွဲရွာရဲ့ အရှေ့မြောက်ဘက်မှာ လယ်ကွင်းတွေသာခြားတဲ့ ကြွယ်ပုံရွာဟာ ပျူစောထီးရွာအဖြစ် ဒေသခံတွေ သတ်မှတ်ထားကြသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း တပ်စွဲနေထိုင်လေ့ရှိပြီး အဲ့ဒီရွာက စစ်သားတွေနဲ့ ပျူစောထီးတွေက အနီးဝန်းကျင်ကျေးရွာတွေကို တိုက်ခိုက်မှုတွေ မကြာမကြာ လုပ်လေ့ရှိပါတယ်။

အဲ့ဒီရွာက စစ်သားတွေနဲ့ ပျူစောထီးတွေဟာ ဒီပဲယင်းကွဲရွာကိုလည်း မကြာမကြာ စီးနင်းတိုက်ခိုက်မှု တွေလုပ်လေ့ရှိပြီး ဒေသခံရွာသားတချို့ သတ်ဖြတ်ခံရတဲ့ မှတ်တမ်းတွေလည်း ရှိနေတာပါ။

စစ်ကိုင်းမြို့နယ်အတွင်းက ညောင်ပင်ဝန်းရွာ ရဲစခန်းကိုလည်း မနေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်တာတွေ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ညောင်ပင်ဝန်းရွာရဲစခန်းဟာ စစ်ကောင်စီအင်အား တရာဝန်းကျင်လောက် တပ်စွဲထားတဲ့ စခန်းဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီစခန်းကို ကာကွယ်ရေးတပ်တွေက သွားရောက်ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကို မသိရသေးဘဲ စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ရာမှာတော့ ဒေသခံ ပြည်သူတဦး ကျည်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ စစ်ကိုင်းမြို့နယ် ဒေသခံ ကာကွယ်ရေး အင်အားစုတွေက ပြောပါတယ်။