ရန်ကုန်မှာ တပတ်အတွင်း တော်လှန်ရေးလူငယ်တွေအပါအဝင် သုံးဆယ်ကျော်အဖမ်းခံရ

အခုဒီဇင်ဘာ ဒုတိယပတ်ထဲမှာ ရန်ကုန်တော်လှန်ရေး အဖွဲ့အစည်းက လူငယ်တချို့နဲ့ အရပ်သားလူငယ် အယောက် ၃၀ ကျော် ဖမ်းဆီးခံလိုက်ရတယ်လို့ ရန်ကုန်တော်လှန်ရေး အင်အားစုတွေကထုတ်ပြန်လာပါတယ်။

‘’အဖမ်းခံရတာတော့ အဖွဲ့အစည်းအစုံပဲ၊ အများစုကတော့ ယူဂျီ (မြို့ပြပြောက်ကျား) လူငယ်တွေလည်းပါတယ်။ သပိတ်အဖွဲ့ကဆိုပြီး စွပ်စွဲခံရပြီး အဖမ်းခံရတာတွေလည်း ပါတယ်။ အခု ၄ ရက်အတွင်းမှာကို ဖြစ်သွားတာ မရှိဘူးဆိုရင် အယောက် ၃၀ နဲ့အထက်ပဲ ရှိမယ်၊ အဖမ်းခံလိုက်ရတာ’’ လို့ ရန်ကုန်တော်လှန်ရေး အင်အားစုက လူငယ်တဦးက DNA ကိုပြောပါတယ်။

ဖမ်းဆီးခံရတဲ့ပုံစံတွေထဲမှာ လူငယ်တွေအသုံးပြုတဲ့ ကားတွေနဲ့ပတ်သက်ဆက်စပ်ပြီးအဖမ်းခံရတာတွေ မြို့ပြပြောက်ကျား စစ်ဆင်ရေးတွေကြောင့် ထိခိုက်ဒဏ်ရာရပြီး ဆေးခန်းသွားပြရင်း အဖမ်းခံရတာတွေကနေ ဆက်စပ်ပြီး ဖမ်းဆီးခံရသူတွေ ပါနေတယ်လို့လည်း ဆက်ပြောပါတယ်။

အခုတပတ်အတွင်း ဖမ်းဆီးခံရတဲ့ လူငယ်တွေထဲမှာတော့ တော်လှန်ရေး အင်အားစုတွေနဲ့ မဆိုင်တဲ့ အရပ်သား လူငယ်တွေလည်း ပါတယ်လို့ ဆက်သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ တော်လှန်ရေးအင်အားစုကလူငယ်တွေကို ဖမ်းဆီးပြီး ရက်သတ္တပတ်အတော်ကြာမှ ထုတ်ပြန်လေ့ရှိသလို တချို့လူငယ်တွေကတော့ ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ လပေါင်းများစွာအထိ ကြာမြင့်အောင် သတင်းပျောက်နေတယ်လို့လည်း တော်လှန်ရေး အင်အားစုက လူငယ်တွေက ဆိုပါတယ်။

ပြည်တွင်းမှာစစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ပြည်သူတွေကို ပုံစံမျိုးစုံသုံးပြီး ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်ထိ ၁၃၀၀၀ ကျော်လောက်ဟာ ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သတင်းထုတ်ပြန်ထားပါတယ်။