နိုင်ငံခြားငွေလိုနေတဲ့ စစ်ကောင်စီက သင်္ဘောသားနိုင်ငံကူးလက်မှတ်တွေကို ဦးစားပေးစနစ်နဲ့ လုပ်ပေးနေ

သင်္ဘောသား နိူင်ငံကူးလက်မှတ်တွေကို စစ်ကောင်စီလက်အောက်ခံ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ပုံမှန်တန်းစီစနစ်မဟုတ်ဘဲ ဦးစားပေး၊ သီးသန့်အစီအစဥ်အနေနဲ့ ဆောင်ရွက်ပေးနေတယ်လို့ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် (MSF) ဆီက သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်သူဦးရေ အများအပြား တိုးလာတာကြောင့် နိုင်ငံကူးလက်မှတ်လုပ်သူအများစု အခက်အခဲတွေနဲ့ ကြုံနေကြရသလို QR ကုတ်ရဖို့အတွက် ကျပ်ငွေသိန်းချီပေးရတဲ့ မှောင်ခိုဈေးကွက်လည်း ရှိလာပေမယ့် နိုင်ငံခြားဝင်ငွေရနိုင်တဲ့ သင်္ဘောသားတွေကိုတော့ အဲ့ဒီလိုသီးသန့်အစီအစဉ်နဲ့ လုပ်ပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

“အရင်ကတော့ တခြားပတ်စ်ပို့လုပ်သူတွေလိုပဲ၊ အတူတူပဲ၊ အခုမှ ဦးစားပေးတွေ ဘာတွေလုပ်လာတာ၊ စကစ က သင်္ဘောသားတွေကို အမျိုးမျိုးစည်းရုံးနေတာလေ၊ အခုလည်း အဲဒီသဘောပဲနေမှာပေါ့” လို့ နိူင်ငံခြားပင်လယ်ကူး သင်္ဘောသားတဦးက ပြောပါတယ်။

အခုလို သင်္ဘောသားတွေကို နိုင်ငံကူးလက်မှတ် သီးသန့်အစီအစဥ်နဲ့ လုပ်ပေးနေတာဟာ စစ်ကောင်စီက သင်္ဘောသားတွေဆီက ပြည်တွင်းကို ပြန်လွှဲလာမယ့် နိုင်ငံခြားလွှဲပို့ငွေရရှိရေး မက်လုံးပေးတဲ့သဘော ဖြစ်နိူင်တယ်လို့လည်း သုံးသပ်ဝေဖန်တာတွေ ရှိနေပါတယ်။

စစ်ကောင်စီအနေနဲ့ သင်္ဘောသားတွေ ဘဏ်တွေကတဆင့် နိုင်ငံခြားငွေ လွှဲပို့အောင် အမျိုးမျိုး စည်းရုံးမှုတွေ လုပ်နေပေမယ့် အများစုကတော့ မိသားစုဆီ တခြားနည်းလမ်းတွေနဲ့ အဆင်ပြေသလိုလွှဲပို့နေကြဆဲဖြစ်တယ်လို့ လက်ရှိသင်္ဘောလိုက်နေသူတချို့က ပြောပါတယ်။

ဒါပေမယ့် သင်္ဘောသား နိုင်ငံကူးလက်မှတ် (Seaman Passport) သီးသန့်ခွင့်ပြုပေးတဲ့ လုပ်ငန်းစဉ်မှာ ခွင့်ပြုချက်ရတဲ့ အဖွဲ့အစည်းတချို့က မသမာမှုပြုလုပ်တာကြောင့် သက်ဆိုင်ရာ ၀န်ကြီးဌာနကတစ်ဆင့် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ဆီ လျှောက်ထားဖို့ မူဝါဒပြောင်းလဲလိုက်တယ်လို့ MSF က ဒီနေ့ထုတ်ပြန်ပါတယ်။

ဒါကြောင့် နိုင်ငံကူးလက်မှတ် သီးသန့်အစီအစဉ်နဲ့ လျှောက်ထားလိုတဲ့သူတွေဟာ MSF မှာ စာရင်းရေးသွင်းပြီး အဲဒီစာရင်းကို ရေကြောင်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန (DMA) ကတစ်ဆင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ဆီ လျှောက်ထားရမယ်လို့ ဆိုပါတယ်။

လက်ရှိမှာ တခြားနိုင်ငံကူးလက်မှတ် ပြုလုပ်သူတွေအတွက် QR ကုတ်ရက်ချိန်းပေးတာကို ရပ်ထားပြီး အရင်ရက်ချိန်းရယူထားသူတွေကိုသာ ဆက်ပြီပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။ ရက်ချိန်းပြန်လည်ရယူနိူင်မယ့် အစီစဥ်အသစ်ကို ပြန်လည်ထုတ်ပြန်ပေးမယ်လို့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့က ကြေညာထားတာပါ။ နိုင်ငံကူးလက်မှတ် ပြုလုပ်လိုသူအများအပြားက အဲ့ဒီအစီအစဉ်အသစ် ကြေညာမယ့်အချိန်ကို စောင့်ဆိုင်းနေကြတယ်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေဆီက သိရပါတယ်။