နေပြည်တော် PDF အဖွဲ့ဝင် ကိုဖုန်းမြတ်ကို အဖမ်းခံရပြီး နှစ်ရက်အကြာ စစ်ကြောရေးမှာ ကျဆုံး

ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည်တော်ရဲ့ အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုဖုန်းမြတ်ကိုဟာ ဒီဇင်ဘာ ၁ ရက်နေ့ညပိုင်းမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးတာကို ခံလိုက်ရပြီး ၂ ရက်အကြာမှာ စစ်ကြောရေးမှာ ကျဆုံးသွားတယ်လို့ ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက်မှာ အဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။

အသက် ၁၉ နှစ်အရွယ်ကိုဖုန်းမြတ်ကိုဟာ ဒီဇင်ဘာ ၃ ရက်မှာ သေဆုံးခဲ့တာဖြစ်ပြီး မိသားစုဝင်တွေဆီကိုတော့ ဒီဇင်ဘာ ၄ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်ဘက်က နှလုံးသွေးကြောကျဉ်းရောဂါနဲ့ နှလုံးရပ်ပြီး သေဆုံးလို့ အကြောင်းကြားလာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“အဓိကတော့ သူတို့ဘက်က ပြည်သူကိုလိမ်မှာပဲ။ မတရားနိုပ်စက် သတ်ဖြတ်ခံခဲ့ရတာပါ။ ကိုဖုန်းကိုဟာ တော်လှန်ရေးအတွက် ဆောင်ရွက်ရင်း စကစ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရတာပါ” လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည်တော်ရဲ့ အဖွဲ့တာဝန်ခံ ဗိုလ်တေဇက DNA ကို ပြောပါတယ်။

အသက် ၁၉ နှစ်အရွယ် ကိုဖုန်းမြတ်ကိုရဲ့ရုပ်အလောင်းကိုတော့ ပုဗ္ဗသီရိမြို့နယ်၊ ကွေ့ကြီးသုဿန်မှာ မီးသင်္ဂြိုဟ်ခဲ့ရာမှာ စစ်စောင်နဲ့ တစ်ကိုယ်လုံး ပတ်ထားတဲ့အတွက် မိသားစုက မျက်နှာသာ မြင်ခွင့်ရခဲ့တယ်လို့ သိရပါတယ်။

ကိုဖုန်းမြတ်ကိုဟာ လယ်ဝေးမြို့ အမှတ် (၅) ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် CDM ကျောင်းသားတဦးဖြစ်ပြီး ဒီဇင်ဘာ ၁ ရက် ညနေပိုင်းက နေပြည်တော်၊ လယ်ဝေးမြို့က ဗိုလ်ချုပ်ကြေးရုပ်ရဲဂိတ်နားမှာ ဗုံးပေါက်ကွဲတဲ့ သံသယမှုနဲ့ သူအလုပ်လုပ်နေတဲ့ ထမင်းကြော်ဆိုင်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။

အခုလို ကိုဘုန်းမြတ်ကို ကျဆုံးမှုနဲ့ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည်တော်က အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်အလေးပြုအပ်ပါတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ နေပြည်တော်က သတင်းထုတ်ပြန် ဖော်ပြထားပါတယ်။