ဇင်းကျိုက်ရဲစခန်းက ရဲနှစ်ဦး ပစ်သတ်ခံရပြီးနောက် ဒေသခံ သုံးဆယ်နီးပါးဖမ်းဆီးခံရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်နယ်မြေရဲစခန်းက ရဲနှစ်ဦး ပစ်သတ်ခံရပြီးနောက် သုံးရက်အတွင်း ဒေသခံ သုံးဆယ် နီးပါးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်နေတယ်လို့ ဒေသခံတွေ၊ ပေါင်မြို့ ရဲစခန်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဇင်းကျိုက်နယ်မြေရဲစခန်းက နယ်ထိန်းမောင်ကိုကိုနဲ့ ရဲတပ်သားခိုင်ဇော်ဦးတို့ဟာ ဒီဇင်ဘာ (၁၀) ရက်က ဆိုင်ကယ်နဲ့ သွားလာနေချိန် ဇင်းကျိုက်နယ် ဖလပ်ကျေးရွာအနီးက အဝေးပြေးလမ်းပေါ်မှာ ပစ်ခတ်ခံရပြီး နှစ်ဦးလုံးနေရာမှာပဲ သေဆုံးခဲ့ပါတယ်။

အဲ့ဒီနောက် ပစ်ခတ်မှုဖြစ်တဲ့နေ့မှာပဲ NLD ပါတီထောက်ခံတဲ့ရွာလို့ ဒေသတွင်း သိကြတဲ့ ဥတ္တံတား ရွာခံတွေ အပါအဝင် လမ်းသွားလမ်းလာ ပြည်သူနှစ်ဆယ်ကျော်ကို ဖမ်းဆီးခဲ့သလို ဒီဇင်ဘာ (၁၁) ရက်နဲ့ (၁၂) ရက်တွမှာလည်း ဒေသခံမဟုတ်တဲ့ ပြည်သူခြောက်ဦးကို မသင်္ကာလို့ဆိုကာ ဆက်လက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

“ဖမ်းခံရတဲ့သူတွေ အားလုံး သုံးဆယ် နီးပါးပေါ့၊ ပေါင်စခန်းမှာ စစ်ဆေးပြီးလို့ တချို့ကိုတော့ ဖမ်းတဲ့နေ့မှာ ပြန်လွတ်ပေးလိုက်တာရှိတယ်၊ သူတို့မှာ အပြစ်မရှိလို့ပေါ့၊ ထပ်စစ်ဖို့ ကျန်တဲ့သူတွေကိုတော့ သထုံဇေမသွယ် အကျဉ်းထောင်ကို ပို့ထားတယ်၊ အားလုံးကတော့ မသင်္ကာလို့ ဖမ်းတာပဲ” လို့ ပေါင်မြို့နယ် မြို့မရဲစခန်းနဲ့ နီးစပ်သူတဦးက DNA ကို အတည်ပြုပါတယ်။

ပေါင်မြို့နယ် ဥတ္တံတားကျေးရွာဟာ ကုလားမတောင်တန်း အောက်ခြေမှာ တည်ရှိပြီး အဲ့ဒီတောင်ပေါ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လှုပ်ရှားသွားမှု ရှိနေတာကြောင့် စစ်ကောင်စီ ကင်းတပ်ဖွဲ့တွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်လေ့ရှိပါတယ်။

ဒါအပြင် ဥတ္တံတားကျေးရွာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်နဲ့ ပါတီထောက်ခံသူ အားကောင်းတဲ့ ရွာဖြစ်တဲ့အပြင် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်သူများတဲ့ရွာဖြစ်တာကြောင့် ဒေသခံရွာသားတွေရဲ့ လှုပ်ရှားသွားလာမှုတွေကို စစ်ကောင်စီဘက်က မျက်ခြေမပျက် စောင့်ကြည့်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က ဖမ်းဆီးခဲ့သူတွေထဲမှာ အသက် (၇၀) ကျော်အရွယ်အမျိုးသားတဦးနဲ့ အမျိုးသမီးတချို့လည်း ပါဝင်သလို အများစုက လူငယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေထဲက တချို့ကို ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပေမယ့် လက်ရှိအချိန်အထိ ဘယ်နှဦးဆက်လက်ဖမ်းဆီးခံထားရတယ်ဆိုတာ မသိရသေးပါဘူး။

“တချို့ကတော့ ရွာကတော့ မဟုတ်ဘူး၊ ဘယ်ကလူတွေမှန်းလည်း မသိရဘူး” လို့ ဇင်းကျိုက်ဒေသခံတဦးက DNA ကို ပြောပါတယ်။

ဇင်းကျိုက်နယ်မြေရဲစခန်းက ရဲအုပ်မောင်ကိုကိုနဲ့ အပေါင်းအပါတွေဟာ ပေါင်၊ ဇင်းကျိုက်မြို့က အရပ်သားပြည်သူတွေအပေါ် မတရားဖမ်းဆီးတာ၊ နည်းလမ်းအမျိုးမျိုးနဲ့ ခြိမ်းခြောက်ငွေတောင်းတာအပြင် လောင်းကစားနဲ့ မူးယစ်ဆေး ကိစ္စတွေကိုလည်း တရားမဝင်လုပ်ကိုင်နေလို့ အနီးကပ်ပစ်ခတ်ခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) က မနေ့က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီပစ်ခတ်မှုကို လုပ်ဆောင်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေဟာ ဘေးကင်းကင်းနဲ့ စခန်းကို ပြန်ရောက်နေပြီဖြစ်တယ်လို့လည်း S.O.F အဖွဲ့က ဆိုထားပါတယ်။ ရဲနှစ်ဦး ပစ်သတ်ခံရအပြီး ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးနေတာနဲ့ ပတ်သက်လို့ S.O.F အဖွဲ့ကို DNA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် အဆက်အသွယ် မရသေးပါဘူး။